ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနား တက်ရောက်





စစ်တွေ ၊  ဧပြီ ၁၃


ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကာလအတွင်း စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ကျင်းပရာ မြို့နယ်ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးကြပြီး မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့် ကျောင်းတိုက်ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တညဏဝံသမဟာထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မြို့နယ်သံဃာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ စစ်တွေမြို့၊ ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တမေဃိယ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူကြ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဠတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ဒုလ္လဘရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ကျင်းပသော စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာနှင့် သိမ်ဆင်းလောင်းလှူပွဲအခမ်းအနားကို ဧပြီလ ၁၁ ရက်နေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက်၌ကျင်းပရာ ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် မဟာဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တမေဃိယ မဟာထေရ်မြတ်ထံမှ ရဟန်းသာမဏေလောင်းများကို ရှင်သာမဏေအဖြစ်သွတ်သွင်း ချီးမြှင့်ပေးရန် လျှောက်ထားကြသည်။ ဆက်လက်၍ ရဟန်းသာမဏေလောင်းများနှင့် သီလရှင်လောင်းများကို ဆံချပေးရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆံခံ၍ ကုသိုလ်ယူကြသည်။

ယင်းနောက် ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက်ဆရာတော်မှ ရဟန်းသာမဏေလောင်းများနှင့် သီလရှင်လောင်းများအား ရှင်သာမဏေအဖြစ်လည်းကောင်း၊ သီလရှင်အဖြစ်လည်းကောင်း သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ပေးပြီး ရဟန်းလောင်းများအား ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက်ရှိ သိမ်တော်၌ ဆရာတော်ကြီး(၁၁)ပါးတို့က ဥပသမ္ပဒကံဆောင် ရဟန်းဘောင်သို့ သွတ်သွင်းချီးမြှင့်ပေးကြသည်။

ထို့နောက် ဥပသမ္ပဒကံဆောင် ဆောင်ရွက်ပေးတော်မူသော ဆရာတော်ကြီးများ၊ ဒုလ္လဘရဟန်းတော်၊ ကျောင်းတိုက်ရှိ သာမဏေများ၊ ဒုလ္လဘရှင်သာမဏေများ၊ သီလရှင်ဆရာကြီးတို့အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များက သိမ်ဆင်းလှူဖွယ်ဝတ္ထုများ လောင်းလှူခဲ့ကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရဟန်း (၅၃)ပါး၊ ရှင်သာမဏေ (၂၉)ပါးနှင့် သီလရှင် (၂)ပါးတို့မှ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)