အစ္စရေး ပြည်တွင်းလုံခြုံရေးဌာန (Shin Bet) အကြီးအကဲ ရာထူးမှနုတ်ထွက်မည်ဟု ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစ္စရေး ပြည်တွင်းလုံခြုံရေးဌာန (Shin Bet) အကြီးအကဲ ရာထူးမှနုတ်ထွက်မည်ဟု ကြေညာ


ဂျေရုဆလမ်၊ ဧပြီ ၂၉ 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်၌ အစ္စရေးနိုင်ငံ တောင်ပိုင်းအား ဟားမက်စ်အဖွဲ့ ဦးဆောင်သော လျှပ်တစ်ပြက် စီးနင်းတိုက်ခိုက်မှုကို ဟန့်တားကာကွယ်ရန် ပျက်ကွက်ခဲ့မှုအတွက် ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံ ပြည်တွင်းလုံခြုံရေးဌာန (Shin Bet) အကြီးအကဲဖြစ်သူ ရိုနန်ဘားက ဧပြီ ၂၈ ရက်၌ ကြေညာခဲ့သည်။

Shin Bet (ရှင်းဘတ်) အဖွဲ့၏ ကျဆုံးသွားသော အဖွဲ့ဝင်များအတွက် အောက်မေ့ဖွယ်ရာ ဝတ်ပြုဆုတောင်းပွဲ၌ ဘားက အထက်ပါအတိုင်း ကြေညာခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ဇွန် ၁၅ ရက်တွင် ရာထူးမှနုတ်ထွက်မည်ဟု ဆိုသည်။

“မျက်နှာစာအများအပြားမှာ နှစ်အတန်ကြာပြီးနောက် တစ်ညအတွင်း တောင်ပိုင်းမျက်နှာစာမှာ ဆိုးရွားတဲ့ ဘေးအန္တရာယ် ကျရောက်ခဲ့ပါတယ်။ စနစ်အားလုံး ပြိုလဲခဲ့ပြီး ရှင်းဘတ်အဖွဲ့ဟာလည်း ဟားမက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ကြိုတင်သတိပေးဖို့ ပျက်ကွက်ခဲ့ပါတယ်” ဟု ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်၌ ဟားမက်စ်အဖွဲ့၏ အပြင်းအထန်တိုက်ခိုက်မှုကို ရည်ညွှန်းလျက် ဘားက ပြောဆိုခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁,၂၀၀ ခန့် သေဆုံးခဲ့ပြီး ၂၅၁ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည်။

“အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဖွဲ့အစည်းရဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်တော် တာဝန်ယူပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ဒီရာထူးအတွက် အမြဲတမ်း ဆက်ခံတာဝန်ယူမယ့်သူကို ခန့်အပ်မယ့်လုပ်ငန်းစဉ်ကို အစီအစဉ်တကျ လုပ်ဆောင်ပြီး ပရော်ဖက်ရှင်နယ်ပီသစွာ တာဝန်လွှဲပြောင်းနိုင်ဖို့အတွက် ၂၀၂၅ ခုနှစ် ဇွန် ၁၅ ရက်မှာ ကျွန်တော့်ရဲ့ တာဝန်ထမ်းဆောင်မှုကို အဆုံးသတ်မှာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ဘားအပေါ် အယုံအကြည်မရှိတော့သဖြင့် ၎င်းအား ရာထူးမှထုတ်ပယ်ကြောင်း မတ်လအတွင်းက ကြေညာခဲ့ပြီး ၎င်းတို့နှစ်ဦးအကြား လိပ်ခဲတည်းလည်း ဖြစ်ပွားနေချိန်တွင် ရာထူးမှနုတ်ထွက်မည်ဟူသော ဘား၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ရှေ့နေချုပ် ဂါလီ ဘာဟာရက်ဗ်-မီယာရာနှင့် အတိုက်အခံခေါင်းဆောင်များကမူ ဘားအား ထုတ်ပယ်မှုကို ထိပ်တန်းတရားရုံး၌ အယူခံဝင်ခဲ့ရာ တရားရုံးက နောက်ထပ် ပြန်လည်သုံးသပ်မှု မလုပ်ဆောင်မီအတောအတွင်း ဆုံးဖြတ်ချက်ချခြင်းမပြုဘဲ ဆိုင်းငံ့ထားခဲ့သည်။

ထိုအ‌တောအတွင်း “Qatar-Gate” ဟု ခေါ်ဆိုကြသည့် နေတန်ယာဟု၏ အနီးကပ်လက်ထောက်များနှင့် ကာတာအစိုးရကြား လျှို့ဝှက်ဆက်သွယ်နေသည်ဆိုသော ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုမှာလည်း နှစ်ဖက်အကြား တင်းမာမှုများကို ပိုမိုအရှိန်မြင့်တက်စေခဲ့သည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)