ဒီခေါင်းစဉ်ကတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေကို အပြုသဘောဆန်ဆန် အကြံပြုခြင်း ဖြစ်ပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ဆိုတဲ့ နေရာမှာ နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကျေးအဆင့်ဆိုပြီး ဆင့်ကဲ ဆင့်ကဲ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ရှိပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ဆိုတဲ့ နေရာမှာလည်း မတူညီတဲ့ တာဝန်တွေအတွက် မတူညီတဲ့ နိုင်ငံဝန်ထမ်းတွေက မိမိတို့ ကျွမ်းကျင်ရာကဏ္ဍအလိုက် တာဝန်တွေ ကွဲပြားပါတယ်။ ဆက်စပ်မှုရှိနေတဲ့ အလုပ်တွေလည်း ရှိတယ်။ ဆက်စပ်မှုမရှိတဲ့ အလုပ်တွေလည်း ရှိပါတယ်။
မည်သို့ပင် ရှိစေ၊ မတူညီတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ပေးအပ်ထားခြင်းဟာ အများပြည်သူကို အတိဒုက္ခရောက်အောင် လုပ်ဖို့၊ အများပြည်သူကို မလိမ့်တပတ်လုပ်ပြီး ကိုယ်ကျိုးရှာဖို့၊ အများပြည်သူကို လိမ်လည်လှည့်ပတ်ပြီး ဒုက္ခပေးဖို့ အပ်နှင်းထားခြင်း မဟုတ်ပါဘူး။ မတူညီတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် အားလုံးဟာ အများပြည်သူ ကောင်းကျိုးဖြစ်အောင် လုပ်ဖို့၊ အများပြည်သူရဲ့ အတိဒုက္ခကို ကူညီဖြေရှင်းပေးဖို့၊ အများပြည်သူကြားမှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို သမာသမတ်ရှိရှိ ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ ပေးအပ်ထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေပဲ ဖြစ်ပါတယ်။
ကျန်းမာရေး၊ ပညာရေး ကုသိုလ်အရဆုံး အလုပ်တွေပါ။ ကျန်းမာရေး၊ ပညာရေးမှာ အများပြည်သူကောင်းကျိုးအတွက် လုပ်နေသူတွေက ပြည်ဖျက်မိစ္ဆာတွေ စကားကို ယုံစားပြီး CDM လုပ်တယ်။ အများပြည်သူကို အတိဒုက္ခရောက်အောင် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသူတွေလည်း ရှိတယ်။ ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေဆိုတာလည်း အများပြည်သူ ကောင်းမွန်စွာ သွားလာနိုင်ရေး လုပ်ပေးရတဲ့ ကုသိုလ်ရတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ တရားစီရင်ရေး ဆိုတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ကို ရပြီဆိုရင်တော့ တာဝန်ကြီးလေးသွားပြီ။ ပြဿနာတွေကြားမှာ ရပ်တည်ရတဲ့ အလုပ်ဖြစ်တယ်။ တရားသူကြီးများ ဝတ်ဆင်ထားတဲ့ အနက်ရောင်ကုတ်ဟာလည်း သစ္စာတရားကို ကိုယ်စားပြုတယ်လို့ မှတ်သားဖူးပါတယ်။ ဆိုတော့ တရားစီရင်ရေး တာဝန်နဲ့ လုပ်ပိုင်ခွင့်ရတဲ့ ပုဂ္ဂိုလ်တွေက သမာသမတ် မရှိဘူးဆိုရင် အများပြည်သူကြားမှာ ပြဿနာများပါတယ်။ တရားစီရင်ရေး က ပုဂ္ဂိုလ်များက မျက်နှာကြီးရာ ဟင်းဖတ်ပါ ငွေကြေးဓနရှိသူဘက်၊ အာဏာရှိသူဘက်၊ အငြိမ်းစား အရာရှိကြီးတွေ ဆိုရင် မျက်နှာသာပေးပြီး ဘာမှ အာဏာမရှိတဲ့ ပြည်သူကိုကြတော့ မသိမသာတမျိုး၊ သိသိသာသာတမျိုး နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေတယ်ဆိုရင် ဒီတရားစီရင်ရေးဟာ သမာသမတ်မရှိတဲ့ တရားစီရင်ရေး၊ တိုင်းဖျက် ပြည်ဆူ ဖြစ်အောင် ဖန်တီးနေတဲ့ တရားစီရင်ရေး၊ အကျင့်ပျက် တရားစီရင်ရေးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဥပဒေတွေကို သိတယ်။ အများပြည်သူကောင်းကျိုးဖြစ်အောင် လုပ်ရမှာကိုလည်း သိတယ်။ သို့သော် မတော်လောဘ (မောဟ) ဖိစီးလာတဲ့အခါကြတော့ အများပြည်သူ မျက်နှာကို မကြည့်တော့ဘူး။ ငွေမျက်နှာကိုပဲ ကြည့်တယ်။ ရာထူး အာဏာရှိသူ မျက်နှာကိုပဲ ကြည့်တယ်။ အငြိမ်းစား အရာရှိဆိုသူကြီးတွေ ဘက်က ဘက်လိုက်တဲ့ အလုပ်တွေ လုပ်တယ်။ ဒါတွေကို ဆင်ခြင်နိုင်မှ မှန်ကန်မျှတတဲ့ တရားစီရင်ရေး ဖြစ်ပါလိမ့်မယ်။
အဓိကအားဖြင့် ပြည်သူလူထုနဲ့ ထိတွေ့ရတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့လည်း ထိုနည်းလည်းကောင်းပါပဲ။ တာဝန်နဲ့ လုပ်ပိုင်ခွင့်က အရမ်းကို ကြီးလေးပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အများပြည်သူကို ကောင်းစွာ စောင့်ရှောက်နိုင်သူများ ဖြစ်သလို အဆိုးဆုံးအခြေအနေအထိ ရောက်အောင် ဒုက္ခပေးနိုင်သူများလည်း ဖြစ်ပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်အပေါ်မှာ အများပြည်သူ ကောင်းကျိုးကို ရှေးရှုဆောင်ရွက်သလား၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးအတွက် အသုံးချမလား ဆိုတဲ့ စိတ်နေ စိတ်ထားအပေါ် မူတည်ပါတယ်။ မြန်မာပြည်မှာတော့ စိတ်နေစိတ်ထားထက် နေရာကောင်းကောင်းရဖို့ အထက်အရာရှိဆိုတဲ့သူတွေကို ပေးရ ကမ်းရ တာတွေလည်း ရှိတဲ့အတွက် ပေးရကမ်းရတဲ့ အရင်းအနှီးအတွက် ကိုယ်ကျိုးရှာတဲ့ အလုပ်ကို မလုပ်ချင်လည်း လုပ်၊ လုပ်ချင်လည်း လုပ်နေရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီအပိုင်းကတော့ အထက် အရာရှိကြီးများက ကိုယ့်လက်အောက် ငယ်သားများအပေါ်က ဂုပ်သွေးစုပ်တာ (အတောင်းအရမ်း ကြမ်းတာ)မျိုးတွေ ဆင်ခြင်မှ ဖြစ်ပါလိမ့်မယ်။ အရာရှိကြီးများက ကိုယ့်လက်အောက်ငယ်သားကို လည်စိညှစ်တယ်။ ကိုယ့်လက်အောက် ငယ်သားက ပြည်သူထံ ပြန်ပြီး ဂုပ်သွေးစုပ်ရတယ်။ အများပြည်သူကပဲ လည်ဆင်းခံပေးရတဲ့ သဘောဖြစ်ပါတယ်။
အထွေထွေအုပ်ချုပ်ရေး တာဝန်နဲ့ လုပ်ပိုင်ရသူများမှာလည်း အများပြည်သူကို လိမ်ညာလှည့်ပတ်တဲ့ အလုပ်တွေ လုပ်ကြပါတယ်။ အထူးအားဖြင့် မြေယာကိစ္စများမှာ အများပြည်သူ ရသင့်ရထိုက်တဲ့အခွင့်အရေးကို မလိမ့်တပတ် လုပ်ပြီး ကြားလယ်က အမြတ်ထုတ်တယ်။ ငွေရှင်ကြေးရှင်နဲ့ ပေါင်းပြီး ဥပဒေမဲ့ လုပ်တယ်။ လိမ်တယ်။ အများပြည်သူ နိုင်ငံတော်အကြီးအကဲများထံ တိုင်တယ်။ နိုင်ငံတော် အကြီးအကဲများက လိမ်ထားသူ ကို ပြန်စစ်ဆေးခိုင်းတယ်။ ပြဿနာက ပြေလည်မှုဆီ ဦးမတည်ဘဲ အစိုးရ တစ်ဆက်၊ နှစ်ဆက်၊ သုံးဆက် ကူးပြောင်းသွားသည့်တိုင်အောင် နစ်နာသူအတွက် အဖြေမရဘူး။
ရန်ကုန်မြို့တော်မှာဆိုရင်တော့ မြို့တော်စီပင်၊ မြေယာဌာန က တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေ ရဲ့ မလျော်ကန်တဲ့ လုပ်ရပ်၊ လိမ်ညာတဲ့ လုပ်ရပ်တွေကြောင့် နစ်နာရသူတွေ အရမ်းများပါတယ်။ လက်တလော ဒလမြို့နယ်က မြေယာပြဿနာများမှာ မူလနေထိုင်သူတွေ လျှောက်ထားတယ် မရဘူး။ ဘယ်ကမှန်းမသိတဲ့ ပုဂ္ဂိုလ်တွေက ဂရန်ရထားတာ ရှိတယ်။ မြေချပါပစ် ရထားတာ ရှိတယ်။ နစ်နာသူတွေက တိုင်တယ်။ နောက်ဆုံး တရားရုံးရောက်တယ်။ တရားရုံးကလည်း တဖက်က ပိုင်ဆိုင်မှု အထောက်အထား ရထားသူ၊ နစ်နာသူမှာက ပိုင်ဆိုင်မှု ပြစရာမရှိ။ မပြီးဆုံးအောင် ရင်ဆိုင်ပေတော့။ တချို့ တရားစီရင်ရေးမှာ မပြီးနိုင်၊ မစီးနိုင် နှစ်ပေါင်းများစွာ ကြာအောင် ရင်ဆိုင်နေရတဲ့ ပြဿနာတွေလည်း ကြားသိရပါတယ်။ တရားခံကတော့ မြို့တော်စီပင် မြေယာဌာန က ပေးသင့်သူကို မပေးဘဲ၊ မပေးသင့်သူကို ပေးခြင်းကြောင့် ဖြစ်ရတဲ့ ပြဿနာတွေပါ။ မပေးသင့်သူကို ဘာကြောင့်ပေးလဲ ဆိုတာတော့ ချထားပေးလိုက်တဲ့ ဌာနမှူးတွေ ဘာကြောင့်ပေးလိုက်မိတာလဲ အသိဆုံး ဖြစ်မှာပါ။
ရန်ကုန် - ဒလ တံတားစီမံကိန်းနဲ့အတူ ဒလမြို့မှာ မြေယာပြဿနာတွေ များသထက် များလာတယ်။ မြို့တော်စည်ပင်၊ မြေယာဌာန က ထုတ်ပေးလိုက်တဲ့ ဂရန်၊ မြေချပါမစ်တွေ ကိုင်ထားပြီး မူလ ရှိနေသူတွေကို လူမိုက်တွေနဲ့ လာရှင်းတာမျိုး လုပ်ကြတယ်။ အဲဒီအထဲမှာ အုပ်ချုပ်ရေးဘက်က၊ ရဲဘက်က ပူးပေါင်းပါဝင်ပေးတာမျိုးတွေလည်း ရှိတယ်။ ပြဿနာ ဟိုးလေတကြော်ကြော် ဖြစ်လာတော့မှသာ နောက်တွန့်သွားကြတာ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာ ပေါ်ပေါက်လာတဲ့ ပြဿနာက ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး လူငယ်တွေကို ဒုက္ခပေးနေတဲ့ ပြဿနာ၊ မိဘတွေကို ငွေညှစ်နေတဲ့ ပြဿနာပါ။ ဥပဒေရဲ့ ရည်ရွယ်ချက် က "နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိ သဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေး" ဒီဥပဒေကို ပြဋ္ဌာန်းထားခြင်း ဖြစ်တယ်။ ဒီထက် ပိုပြောရရင် ဒီဥပဒေဟာ လူငယ်တွေအတွက် အများကြီး လေးနက်ပြီး၊ အဓိပ္ပာယ်ရှိတဲ့ ဥပဒေဖြစ်ပါတယ်။ လူငယ်တွေကို တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ရှိလာအောင် ဟောပြောစည်းရုံးပြီး စစ်မှုထမ်းချင်တဲ့စိတ် ဖြစ်လာအောင်၊ စိတ်အားထက်သန်လာအောင် ရှင်းလင်းပြောဆို စည်းရုံးရမယ့် ဥပဒေဖြစ်ပါတယ်။
သို့သော် မြို့နယ်နဲ့ ရပ်ကျေးတာဝန်ရှိသူများက ဥပဒေရဲ့ ရည်ရွယ်ချက်ကို အထမြောက်အောင် မလုပ်နိုင်ဘူး။ အများပြည်သူကို မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ် ဖြစ်အောင် မပြောနိုင်ဘူး။ သူတို့ကိုယ်တိုင်က တိုင်းချစ်ပြည်ချစ်စိတ် မရှိလို့လည်း ဖြစ်နိုင်ပါတယ်။ အထက်က ခိုင်းတာကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ စိတ်ကူးမရှိတဲ့သူတွေလည်း ရှိတယ်။ တနယ်တကျေးက အလုပ်လာလုပ်တဲ့ လူငယ်တွေကို စွဲထည့်တယ်။ ဥပဒေအရ လုပ်မယ်ဆိုရင် ကိုယ့်အရပ် ကိုယ့်ဒေသက လူကိုပဲ ထည့်ရမှာဖြစ်ပါတယ်။ ကိုယ့်အရပ် ကိုယ့်ဒေသက လူငယ်တွေကို စွဲပြန်တော့လည်း ငွေ သိန်း ၁၀၀ ပေးရမယ်၊ သိန်း ၁၅၀ ပေးရမယ်။ လူစားထည့်ပေးမယ်လို့ ငွေညှစ်ပြန်တယ်။ လူစားထည့်တော့ တနယ်တကျေးက ငွေမပေးရဘဲ စွဲထားတဲ့ လူငယ်တွေကို ထည့်ခြင်းဖြစ်တယ်။ ငွေက ကြားထဲကနေ သူတို့ အမြတ်ထုတ်ခြင်း သက်သက်ပဲ ဖြစ်ပါတယ်။
ဒီလိုဖြစ်စဉ်နဲ့ ပတ်သက်လို့ သာဓကတွေ ပြောရင် အများကြီးဖြစ်သွားပါပြီ။ အကျဉ်းချုပ်အနေနဲ့ ရေဘေးကာလ နေပြည်တော်မှာ အလုပ် လုပ်နေတဲ့ လူငယ်တယောက် နတ်မောက်ဘက်ကို ပြန်တယ်။ အဲဒီမှာ ပြည်သူ့စစ်မှုထမ်းဖို့ဆိုပြီး လမ်းမှာ စွဲထားလိုက်တယ်။ မိသားစုက လိုက်သွားပြီး သိန်း (၁၅၀)ပေးခဲ့ရတယ်။ အဲဒါ ဆင့်စာလည်း မလာ၊ ခေါ်စာလည်း မပါ။ လူငယ်ကို စွဲစိပြီး ငွေညှစ်တဲ့ လုပ်ရပ်။ နောက်တော့ ရန်ကုန်မြို့၊ တောင်ဒဂုံက လူငယ်တစ်ယောက်ကို လူပွဲစားတွေက စွဲတယ်။ တွံ့တေးထွေအုပ်ရုံးကို ရောင်းစားတယ်။ တွံ့တေးထွေအုပ်ရုံးက ၁၅ သိန်းနဲ့ ဝယ်ထားလိုက်သတဲ့။ ဒီတစ်ပတ်အတွင်းမှာပဲ ကွမ်းခြံကုန်းက ဆရာတော်နဲ့ ဒကာများ စာရေးသူထံ ရောက်လာကြတယ်။ ဆရာတော်ရဲ့ တူလေး ၂ယောက် ကျောင်းပိတ်တဲ့အချိန်လေး ရန်ကုန် အလုပ်တက်လုပ်ကြတာ။ လူရမ်းကားတစ်စုက စွဲစိပြီး စစ်မှုထမ်းဖို့ ရောင်းစားလိုက်သတဲ့။
အများပြည်သူကို အတိဒုက္ခရောက်အောင် လုပ်နေတယ်။ ဒီလုပ်ငန်းစဉ်အပေါ်မှာ ပြန်လည်သုံးသပ်ပြီး စစ်မှုထမ်းရန် လက်ခံတဲ့ သင်တန်းကျောင်းများက ရောက်လာတဲ့ လူငယ်များကို ကိုယ့်ရပ်ရွာက လိုက်လာတာလား၊ သူများ ရောင်းစားခြင်းခံရလို့ ပါလာတာလား ဒါလေးကို စစ်ဆေးပြီး လက်ခံရင် နောက်ဆက်တွဲ အလုပ်မရှုပ်တော့ဘူးပေါ့ဗျာ။ ဥပဒေနဲ့အညီ အလုပ် လုပ်လိုတဲ့စိတ် မရှိဘူး။ ဘယ်လိုပဲ ထည့်ပေးလိုက် ထည့်ပေးလိုက် လာထား။ နောက်က မိသားစုလိုက်လာရင် ငွေညှစ်တဲ့ အလုပ် လုပ်ကြသေးတယ်။
ထပ်မံဆက်သွယ်လာတာက တောင်တွင်းကြီးမြို့နယ်ထဲက ရွာတစ်ရွာက လူငယ်တစ်ယောက်ကို ကြိုးတုတ် ဖမ်းဆီးသွားပြီး မိသားစုကို လူစားထိုးဖို့ ငွေ သိန်း(၁၁၀)နဲ့ လာခေါ်ခိုင်းသတဲ့။ အဲဒါကို မခံမရပ်နိုင်လို့ လှမ်းဆက်သွယ်လာတော့ စာရေးသူအနေနဲ့လည်း ကြားက လူမိုက်လုပ်လို့ မရဘူး။ ကာယကံရှင်နဲ့ ဆက်စပ်သူက ပေးပို့လာတဲ့ ရုပ်သံကိုပဲ တင်ပေးလိုက်တယ်။ အဲဒါမျိုး ခံနေကြရတာက အများကြီး။ အုပ်ချုပ်ရေးပိုင်းက လူညစ်တွေ၊ လူယုတ်မာတွေကို ကြောက်လို့ မပြောရဲကြဘူး။ စစ်မှုထမ်းကြေးဆိုပြီး ငွေကြေးကောက်ခံနေတာတွေကို ပဲခူးတိုင်ေးဒသကြီး၊ ကဝမြို့နယ်ထဲက ရွာတွေမှာလည်းရှိတယ်။ တခြားဒေသတွေမှာလည်း ထိုနည်းလည်းကောင်း ရှိကြပါတယ်။ မဖွင့်ဟရဲဘူး။ ရေငုံနှုတ်ပိတ်ပြီး နေကြတယ်။
ပြောလိုရင်းကတော့ ဥပဒေလက်တစ်လုံးခြား အများပြည်သူကို ဒုက္ခပေးနေခြင်း ဖြစ်တယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ပြည်သူကို ဂုပ်သွေးစုပ်နေခြင်း ဖြစ်ပါတယ်။ ကျောင်းသားလူငယ်တွေ ပါလာတဲ့အခါ ဥပဒေအရဆိုရင် ကျောင်းကိစ္စ၊ ပညာရေးကိစ္စရှိနေရင် ယာယီ ကင်းလွတ်ခွင့် ပြုထားတယ် မဟုတ်ပါလား။ ဒီလုပ်ငန်းစဉ်အပေါ်မှာ ဥပဒေနဲ့အညီ ဘာမှ စစ်ဆေးခြင်းမရှိလို့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ သဘောမျိုး သက်ရောက်ပါတယ်။
ဒီဥပဒေဟာ လူငယ်တွေကို ဒုက္ခပေးဖို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေမဟုတ်ပါဘူး။ လူငယ်တွေ တိုင်းချစ်ပြည်ချစ်စိတ် ဖြစ်လာအောင် ပြဋ္ဌာန်းထားတဲ့ ဥပဒေပါ။ ဥပဒေရဲ့ ရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖော်ပေးမယ်ဆိုရင် အများပြည်သူ အတိဒုက္ခရောက်စရာ ဘာအကြောင်းမှ မရှိပါဘူး။
တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေ ကိုယ်တိုင် က ဥပဒေကို မလေးစားဘူး။ အများပြည်သူကို ကောင်းကျိုးမပြုလိုဘူး။ ငါ့ပြဿနာပြေလည်ဖို့အရေး ပြည်သူတွေကို ဒုက္ခပေး၊ လူငယ်တွေကို ဒုက္ခပေးနေတယ်။
အများပြည်သူကို အကြမ်းဖက်သမားကလည်း လက်နက်ကိုင်ပြီး အကြမ်းဖက်နည်းနဲ့ ဒုက္ခပေးတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေကလည်း ဥပဒေလက်တစ်လုံးခြား လုပ်ပြီး ဒုက္ခပေးတယ်။ ဟစ်တိုင် တက်ပြီး အော်ရရင် "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ မှ နိုင်ငံတော်အကြီးအကဲများ ခင်ဗျာ၊ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတချို့ဟာ တိုင်းပြည် အခက်အခဲ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ အများပြည်သူကို ဥပဒေကို လက်တစ်လုံးခြား လုပ်ရပ်တွေနဲ့ ဒုက္ခပေးနေပါတယ်။ ကိုယ်ကျိုးရှာနေကြပါတယ်။ နိုင်ငံတော်အကြီးအကဲများ အနေနဲ့ အများပြည်သူ အတိဒုက္ခရောက်အောင် လုပ်နေတဲ့ လုပ်ရပ်တွေကို လက်သင့်ခံနိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဒါကြောင့် အများပြည်သူ အတိဒုက္ခရောက်အောင် လုပ်ပြီး ကိုယ်ကျိုးရှာနေသူများကို စိစစ် ဖော်ထုတ် အရေးယူပေးပါ။" လို့ ဟစ်တိုင်တက်ရတော့မှာပေါ့ဗျာ။
အပြုသဘောဆန်ဆန် ပြောချင်တာကတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူများ ခင်ဗျာ - မည်သည့်တာဝန်ကို ယူထားသည်ဖြစ်စေ အများပြည်သူ ကောင်းကျိုးအတွက် ဆောင်ရွက်နိင်စေဖို့ အပ်နှင်းထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေပဲ ဖြစ်ပါတယ်။ အများပြည်သူ ကောင်းကျိုးဖြစ်အောင် လုပ်ပေးရင် ကုသိုလ် အင်မတန် ရပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အများပြည်သူ ကောင်းကျိုးအတွက် အသုံးမချဘဲ အများပြည်သူကို အတိဒုက္ခရောက်အောင် လုပ်ပြီး ဂုပ်သွေးစုပ်ဖို့ပဲ လုပ်နေမယ်ဆိုရင်ဖြင့် အကုသိုလ်များလွန်းလှပါတယ်။
လေးစားစွာဖြင့်
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment