ဒေသအလိုက် ကျောင်းများအားလုံးဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်၊ အကြမ်းဖက်သမားများအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ နှောင့်ယှက်မှုများ မဖြစ်ပေါ်စေရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသအလိုက် ကျောင်းများအားလုံးဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်၊ အကြမ်းဖက်သမားများအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ နှောင့်ယှက်မှုများ မဖြစ်ပေါ်စေရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား



နေပြည်တော်၊ မေ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပညာရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသအလိုက် ကျောင်းများအားလုံးဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး အကြမ်းဖက် သမားများအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ နှောင့်ယှက်မှုများမဖြစ်ပေါ်စေရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပညာတတ် လူသားအရင်းအမြစ်ကောင်းများ ကို မဖြစ်မနေ ဖော်ဆောင်ပေးရမည်ဖြစ်ပြီး စီးပွားရေးအားကောင်းအောင် ဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ပညာတတ်များရှိမှသာလျင် နိုင်ငံ့အနာဂတ်အတွက် စိတ်ချရမည်ကို အမြဲတမ်းခံယူထားရန်လိုအပ်မည်ဟု ပြောလိုကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ လွတ်လပ်ရေးမရမီကတည်းကပင် အားနည်းချက်များ ရှိခဲ့ကြောင်း၊ နိုင်ငံ၏သမိုင်းကြောင်း အထောက်အထားများကို လေ့လာကြည့်မည်ဆိုပါက သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ရှေးဘုရင်များလက်ထက်က ဥရောပနိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ခဲ့သည့် သမိုင်းမှတ်တမ်းများလည်းရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ရှေးဘုရင်များခေတ်က နိုင်ငံတော်၌ ကျင့်သုံးခဲ့သည့်ပညာရေးစနစ်များနှင့် ခေတ် အဆက်ဆက်၌ ကျင့်သုံးခဲ့သည့် ပညာရေးစနစ်များကို ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပညာရေး အားနည်းမှုများနှင့်ပတ်သက်ပါက ပြုပြင်ပြောင်းလဲမှုများစွာဆောင်ရွက်၍ မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေချိန်အတွင်း ပညာရေးနှင့်ပတ်သက်၍ များစွာမြှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပညာရေး ညီလာခံများလုပ်ဆောင်ရာ၌ အကြောင်းအရာဖော်ထုတ်ချက်များအပြင် ပညာရေးနှင့် ပတ်သက်၍ မည်ကဲ့သို့မြှင့်တင်ဆောင်ရွက်မည်ကို လက်တွေ့ကျကျ ဆုံးဖြတ်ဆောင်ရွက်ရန်လိုကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်မှုမရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း နိုင်ငံတော်အတွက် မည်ကဲ့သို့ အသုံးချနိုင်မည်ကို စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင် ဝင်ရောက်နိုင်သည့် Polytechnic နည်းပညာများကိုသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ ကွန်ပြူတာနှင့်နည်းပညာကို ပေါင်းစပ်ထားသည့် Polytechnic University များကိုဖွင့်လှစ်ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုရှိခဲ့ပြီး အကျိုးရလာဒ်များ ကို တွေ့မြင်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ပညာရေးနှင့်ပတ်သက်ပါကရေရှည်အနာဂတ် အကျိုးကိုကြည့်၍ စီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အများစုအနေဖြင့် အလယ်တန်းအဆင့်တွင်ပင် ပညာရေးဆုံးခန်းတိုင်မှုများလည်းရှိနေကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာသင်အထက်တန်းကျောင်းများကို ဖွင့်လှစ်နိုင် ရေးဆောင်ရွက်ခဲ့ပြီးအောင်မြင်မှုများ အထိုက်အလျောက်ရရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် စိုက်ပျိုးမွေးမြူရေးနယ်ပယ်နှင့် စက်မှုနယ်ပယ်တို့တွင် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရန်လို အပ်မည်ဖြစ်ကြောင်း။

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့ချိန်တွင် တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာအချို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက်စာမေးပွဲ ပြန်လည်ဖြေဆိုရန် စီစဉ်ဆောင်ရွက်ခဲ့ရကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်သည့်အတွက် ပြန်လည်ဖြေဆိုမှု မဆောင်ရွက်စေဘဲ ဖြေလျော့မှုဖြင့် စာမေးပွဲအအောင်ပေးရန် ပြောဆိုမှုများရှိကြောင်း၊ သို့သော် သိက္ခာရှိသည့်အောင်မြင်မှုမျိုးနှင့် နိုင်ငံတကာစံချိန်စံနှုန်များအရ စာမေးပွဲပြန်လည်ဖြေဆိုရန် မိမိတို့အနေဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း စာမေးပွဲပြန်လည်ဖြေဆိုရမည့်ဒေသများ၌ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက် အဆင်ပြေ ချောမွေ့မှုရှိစေရေး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

ကျောင်းများပြန်လည်ဖွင့်လှစ်ရေးနှင့်ပတ်သက်၍ မေလ ၂၂ ရက်နေ့ဆိုပါက ကျောင်းအပ်နှံရေး ရက်သတ္တပတ်စတင်ပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသအလိုက် ကျောင်းများအားလုံးဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး အကြမ်းဖက် သမားများအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ နှောင့်ယှက်မှုများမဖြစ်ပေါ်စေရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပညာရေးကဏ္ဍကို နှောင့်ယှက် ဖျက်ဆီးနေမည်ဆိုပါက ထိုသို့ဆောင်ရွက်နေသည့်နေရာဒေသများသည် အခြားဒေသများ၏နောက်တွင် ကျန်နေခဲ့မည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့်လည်း ၎င်းကဲ့သို့ ပညာရေးကဏ္ဍကို နှောင့်ယှက်ဖျက်ဆီးနေခြင်းသည် မိမိတို့အနာဂတ်ကို မိမိတို့ဖျက်ဆီးနေသည်ကို အသိရှိရန်လိုကြောင်း ထည့်သွင်းပြောကြားသွားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)