သဘာဝဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများဖြစ်ပွားလာပါက ထိရောက်စွာထိန်းချုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများဖြစ်ပွားလာပါက ထိရောက်စွာထိန်းချုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရမည်


နေပြည်တော်၊  မေ  ၁၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)နေပြည်တော်၌ Semi-virtual စနစ်ဖြင့် ကျင်းပသည့်မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါများနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးက မကြာမီတွင် မိုးရာသီကာလသို့ ရောက်ရှိတော့မည်ဖြစ်ပြီးငလျင်ကြီးကြောင့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများဖြစ်ပေါ်နိုင်သည်ဖြစ်ရာ သဘာဝဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများဖြစ်ပွားလာပါက ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းအဝဝကို စောစီးစွာဆောင်ရွက်ထားရမည် ဖြစ်ကြောင်း။

ရောဂါဖြစ်ပွားမှုအား စောစီးစွာသိရှိကာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကူးစက် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ၊ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ငန်းများ၊ ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ ပိုးလောက်လမ်းနှိမ်နင်းခြင်း လုပ်ငန်းများ၊ ယာယီစခန်းစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ရောဂါဖြစ်ပွားမှုရှိပါက ထိရောက်စွာကုသမှုပေးရေးနှင့် ဆေးနှင့်ဆေးပစ္စည်းများကို အကျိုးရှိထိရောက်စွာ  အသုံးပြုနိုင်ရေးအတွက် စီမံခန့်ခွဲမှုများကို ဆက်လက်အားဖြည့်ကာ အလေးပေးဆောင်ရွက်ကြစေလိုကြောင်း။

ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်နှင့် အရေးပေါ် အခြေအနေများတွင် အသုံးပြုရန်အတွက် ဆေးနှင့်ဆေးပစ္စည်းများကိုကြိုတင်စုဆောင်းထားရှိခြင်းနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်၍  သဏ္ဌာန်တူလေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ထားရှိစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ဆက်လက်ဆောင်ရွက်ရန်လုပ်ငန်းများကိုမှာကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးကဏ္ဍ ဆောင်ရွက်ထားရှိမှုနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသည့်  ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့်တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများကဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်ကြိုတင် ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့်  အကြံပြုတင်ပြချက်များကို တင်ပြဆွေးနွေးကြပြီး အစည်းအဝေးသို့တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)