ရန်ကုန်၊ မေ ၈
ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ အမှတ်(၂၂၉) အိုးအိမ်မြေ၊ ဘိုးဘပိုင်မြေတွင် နေထိုင် လျက်ရှိပြီး စက်ပြင်လုပ်ငန်း လုပ်ကိုင်လျက်ရှိသော ဦးရဲမင်းသူ က စက်မှုလုပ်ငန်းလုပ်ကိုင်လျက်ရှိသော ၎င်းတို့၏ မြေနေရာအား ရန်ကုန်မြို့တော်စည်ပင် က ဒေါ်ခင်ခင်စိုး ဆိုသူအမျိုးသမီးကို ပါမစ်ချထားပေးခဲ့ပြီး ပြန်လည် ပယ်ဖျက်ပေးခြင်း မရှိသေးကြောင်း ဆက်သွယ်ပြောဆိုသည်။
ဦးရဲမင်းသူ သည် မြေတိုင်းအမှတ်(၃)၊ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ အမှတ်(၂၂၉) အိုးအိမ်မြေ၊ ဘိုးဘပိုင်မြေတွင် နေထိုင် လျက်ရှိပြီး စက်ပြင်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည်။
ဗိုလ်ကြီး ရဲမင်းသူ ၏ တင်ပြချက်အရ - အဆိုပါမြေနေရာပေါ်တွင် ဦးတင်ညို၏ မိဘများဖြစ်သော ဦးချစ်တီးနှင့်ဒေါ်သိန်းမေတို့ သက်ရှိထင်ရှားရှိစဉ်ကတည်းက နေထိုင်လုပ်ကိုင်လာခဲ့ရာ ဦးတင်ညိုသည် ၁၉၈၃ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၊ အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ ဒေသန္တရစက်မှုကြီးကြပ်ရေးနှင့် လုပ်ငန်း စစ်ဆေးမှုညွှန်ကြားရေးဦးစီးဌာနမှ ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ် စတင်ရရှိခဲ့ကြောင်း၊ ယခင်က ၎င်းစက်ပြင်လုပ်ငန်းနှင့်မြေနေရာအား အဘိုးဖြစ်သူ ဦးတင်ညိုနှင့် မိခင် ဒေါ်သန်းသန်းဆွေမှ နေထိုင်လုပ်ကိုင်ခဲ့ကြောင်း၊ ဦးရဲမင်းသူ သည် ဦးတင်ညို၏ မြေး ဒေါ်ကြည်လဲ့လဲ့ဦးနှင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထိမ်းမြားလက်ထပ်ခဲ့ပြီး ဦးတင်ညို၏ မြေးသားမက် ဖြစ်လာခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ၎င်းလုပ်ငန်းနှင့်မြေနေရာကို ဦးရဲမင်းသူနှင့် ဇနီး ဒေါ်ကြည်လဲ့လဲ့ဦး တို့အား မင်္ဂလာဦးလက်ဖွဲ့အဖြစ် တရားဝင်အပြီးအပိုင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ထိုမြေနေရာပေါ်တွင် စက်ပြင်လုပ်ငန်းကို ယနေ့တိုင် ဆက်လက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြေနေရာနှင့်ပတ်သက်၍ ယခင်မြို့နယ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနတို့၏ အစီအစဉ်ဖြင့် ၁၉၉၄ ခုနှစ်တွင် ဒလမြို့နယ်အား မြို့တော်အင်္ဂါရပ်နှင့်အညီ မြို့ကွက်သစ်များဖော်ထုတ်ရာ၌ ကျန်စစ်သားရပ်ကွက်တွင် မြေနေရာ(၂)ကွက် အစားထိုးချထားပေး စဉ်က ရယူခဲ့ခြင်းမရှိဘဲ ယခုမြေနေရာ၌ပင် သားစဉ်မြေးဆက်မပျက် နေထိုင်လုပ်ကိုင်လာခဲ့သော နေရာဖြစ်ပြီး မြေနေရာအစားထိုးရယူခဲ့ခြင်းမရှိသည်မှာ မှန်ကန်ကြောင်းနှင့် လက်ရှိနေရာ အား ဆက်လက်နေထိုင်၍ စက်ပြင်လုပ်ငန်း လုပ်ကိုင်နိုင်ရန် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်အောင်သာ၏ ထောက်ခံချက်လက်မှတ်ဖြင့် ချထားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘိုးဘွားမိဘများလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာသော ၎င်းစက်ပြင်လုပ်ငန်းမြေနေရာ အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ တရားဝင်ခွင့်ပြုချက်လုပ်ငန်းလိုင်စင်ဖြင့် နှစ်စဉ် အခွန်ထမ်းဆောင်လျက်ရှိပြီး ပြည်တွင်းအခွန်များဦးစီးဌာန၏ သတ်မှတ်အခွန်များကို ပေးဆောင်၍ နှစ်စဉ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း စက်ပြင်လုပ်ငန်းလိုင်စင်ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့အထိ သက်တမ်းတိုး လိုင်စင်ကို ၂၂-၄-၂၀၂၅ ရက်နေ့က ထပ်မံထုတ်ပေးထားကြောင်း သိရသည်။
အဆိုပါ မြေနေရာတွင် ဦးဒိုနာဘာလန်း (ခ) ဦးစိုးမြင့်၊ ဒေါ်ခင်ခင်စိုးနှင့် ၎င်း၏ အပေါင်းအပါလူတစ်စုမှ ဦးရဲမင်းသူ လုပ်ငန်းလုပ်ကိုင်ရာ ခြံမြေကွက်အတွင်း မြေနေရာတိုင်းတာခြင်း၊ ခြံစည်းရိုးခတ်ခြင်းများ ပြုလုပ်လာခဲ့သောကြောင့် ဝန်ကြီးချုပ်(ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)၊ ဥက္ကဋ္ဌ(မြို့တော်ဝန်)ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ဌာနဆိုင်ရာများသို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် (ပထမအကြိမ်)၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် (ဒုတိယအကြိမ်)၊ ၂၀၂၄ ခုနှစ် မေလ ၂၅ ရက်နေ့တွင် (တတိယအကြိမ်)၊ ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် (စတုတ္ထအကြိမ်) ပေးပို့ကန့်ကွက်ခဲ့သည်။
ထိုသို့ကန့်ကွက်မှုများကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)မှ ၅.၆.၂ဝ၂၄ ရက်စွဲပါစာအမှတ်၊ ၅-၂၁၄၉/ ပြင်ပ/ စည်ပင်-ယာ/အုံ(စစ်)နှင့် ၂ဝ.၆.၂ဝ၂၄ ရက်စွဲပါစာအမှတ်၊ ၅-၂၃၈ဝ/ ပြင်ပ/ စည်ပင်-ယာ/အုံ(စစ်) တို့ဖြင့် ဦးဒိုနာဘာလန်းနှင့် သမီးဖြစ်သူ ဒေါ်ခင်ခင်စိုး၊ ကိုယ်စားလှယ် ဦးမြင့်လွင်တို့၏ မင်းမဲ့စရိုက်ဆန်ဆန် ကျူးကျော်ခြံခတ်မှုအား ပြန်လည်ဖျက်သိမ်းစေခဲ့သည်။ သို့သော် စည်းကမ်းလိုက်နာမှုမရှိ၍ ရန်ကုန်စည်ပင်ဥပဒေပုဒ်မ ၃၁၂(က)အရ ဒဏ်ရိုက်ခဲ့ခြင်းကိုလည်း တွေ့ရှိရသည်။ ဒေါ်ခင်ခင်စိုးသည် ခြံစည်းရိုးဖျက်သိမ်းရန်နှင့် ရန်ကုန်စည်ပင်ဥပဒေအရ ဒဏ်ရိုက်ခဲ့ခြင်းများကို လေးစားလိုက်နာမှုမရှိသည့်အပြင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ပဉ္စမအကြိမ် ထပ်မံ ကျူးကျော်ခြံခတ်လာခြင်းကြောင့် ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်တာဝန်ရှိသူများက တားမြစ်ခဲ့ရသည်။
အလားတူဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေး၊ ခြံစည်းရိုးပြန်လည်ဖျက်သိမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် စည်ပင်သာယာရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် တင်ပြထားကြောင်း သိရသည်။
၎င်းတို့ ရင်ဆိုင်နေရသည့် အခြေအနေနှင့် ပတ်သက်၍ ဦးရဲမင်းသူ က မြန်မာနေရှင်နယ်ပို့စ် သို့ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ခဲ့ရာတွင် "ဒေါက်တာ ခင်ခင်စိုး ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူဖြစ်ပါသည်။ ထိုအမျိုးသမီးသည် ယခုကဲ့သို့ နိုင်ငံရေးမတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ ဒလမြို့နယ်အတွင်းရှိ ပြည်သူများနေထိုင်လျက်ရှိသော မြေနေရာများကို အတင်းအဓမ္မ ခြံစည်းရိုးများကာရံ၍ လုယူသိမ်းပိုက်လျက် ရှိပါသည်။ ထိုအမျိုးသမီးသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဌာနမှူး၊ ဒုဌာနမှူးများအား လဘ်ပေးလဘ်ယူပြုလုပ်ကာ မြေချပါမစ်အတုများ ပြုလုပ်ခဲ့ပါသည်။ ဒေါ်ခင်ခင်စိုးသည် ပါမစ်အတုများကို ကိုင်ဆောင်၍ ရပ်ကွက်နေပြည်သူလူထုအား ဂရန်ရပြီးဟု လိမ်လည်ပြောဆိုကာ ကြိမ်းမောင်းနှင်ထုတ်ခြင်းများကို အကြိမ်ကြိမ် လာရောက်ပြုလုပ်ခဲ့ပါသည်။ တစ်ခါတရံတွင် လူမိုက်အဖွဲ့များကို ငှား၍ အုပ်စုဖွဲ့ကာ ပြည်သူများအား အနိုင်ကျင့်မှုများပါ ပြုလုပ်လျက်ရှိသည်။ ဘိုးဘွားပိုင်မြ၊ အိုးအိမ်မြေ၊ လုပ်ငန်းလိုင်စင်ရှိသောသူများကိုပင် ခြံစည်းရိုးကာရန်ခြင်း၊ ကျူးကျော်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။" ဟု ရေးသားပေးပို့ခဲ့သည်။
ဦးရဲမင်းသူအား လက်ရှိအခြေအနေနှင့် ပတ်သက်၍ မေးမြန်းရာ "ဒလမြို့နယ်ထဲက ရေကန်ကိစ္စမှာတုန်းက မြို့တော်စည်ပင်က နိုးတစ်စာ ပစ်တယ်၊ ဒဏ်ရိုက်တယ်၊ ပြီးတော့ ဂရန်ဖျက်တယ်။ ကျွန်တော်တို့ကိစ္စမှာ ဒဏ်ရိုက်တာနဲ့တင် ရပ်တန့်နေတယ်။ ပါမစ်ဖျက်သိမ်းတဲ့အဆင့် မရောက်သေးဘူး ဖြစ်နေတယ်။" ဟု ပြောဆိုသည်။
၁.၈၃၆ ဧကရှိ အဆိုပါ မြေယာကိစ္စနှင့် ပတ်သက်၍ ဦးရဲမင်းသူအနေဖြင့် နိုင်ငံတာ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံသို့လည်းကောင်း တင်ပြခဲ့ပြီး ထပ်မံ၍ တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အုပ်ချုပ်ရေးမှူးနှင့် ဒလမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အုပ်ချုပ်ရေးမှူး ထံသို့လည်းကောင်း သက်ဆိုင်ရာ စည်ပင်သာယာအရာရှိများထံသို့လည်းကောင်း တင်ပြထားသည်။
အဆိုပါ မြေကိစ္စနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့မှတဆင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြန်မာနေရှင်နယ်ပို့မှ နှစ်ကြိမ် မေးမြန်းခဲ့ရာတွင် တစ်စုံတစ်ရာ ဖြေကြားပေးခြင်း မရှိသေးပေ။
https://t.me/MyanmarNationalPost
No comments:
Post a Comment