မော်စကို၊ မေ ၁၀
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မော်စကိုမြို့တွင် ဆိုဗီယက်ပြည်ထောင်စု မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်စဉ်ကာလအတွင်း ယမန်နေ့က ဒေသစံတော်ချိန် မေ ၉ ရက် ညနေပိုင်းက မြန်မာနိုင်ငံ အကြီးအကဲ မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံနှင့်အတူ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုအား နက်ရှိုင်းစွာ ဖော်ဆောင်သွားမည် ဖြစ်သလို “ရပ်ဝန်းနှင့် ပိုးလမ်းမ” ကို အရည်အသွေးမြင့် အတူတည်ဆောက်သွားမည် ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
တွေ့ဆုံစဉ် ရှီကျင့်ဖိန်က တရုတ်-မြန်မာ နှစ်နိုင်ငံသည် ကောင်းတူ ဆိုးဖက်၊ အပြန်အလှန် ဖေးမကူညီကြသည့် အေးအတူ ပူအမျှ အသိုက်အဝန်း ဖြစ်ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ အတူတကွ အဆိုပြုကြသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့် ဘန်ဒေါင်းစိတ်ဓာတ်သည် အချိန်ကာလကြာလာသည်နှင့်အမျှ ပို၍ ခိုင်မြဲလာသလို ခေတ်ကာလ၏တန်ဖိုးမှာလည်း စဉ်ဆက်မပြတ် ပေါ်လွင်လာကြောင်း၊ ယခုနှစ်သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်ပြည့်ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် သင့်မြတ်သော အိမ်နီးချင်း၊ အေးချမ်းတည်ငြိမ်သည့် အိမ်နီးချင်း၊ ကြွယ်ဝချမ်းသာသော အိမ်နီးချင်း၊ “ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း”၊ ကံကြမ္မာတူ အကျိုးတူခြင်း ဟူသော အတွေးအခေါ် ဦးတည်ချက်ကို လက်ကိုင်ထားကာ မြန်မာနိုင်ငံနှင့်အတူ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုအား နက်ရှိုင်းစွာ ဖော်ဆောင်သွားမည် ဖြစ်သလို “ရပ်ဝန်းနှင့် ပိုးလမ်းမ” ကို အရည်အသွေးမြင့် အတူတည်ဆောက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက် (GCI) ကို ကောင်းမွန်စွာ ဖော်ဆောင်ကာ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးစီးပွားကို ဆောင်ကြဉ်းသွားမည် ဖြစ်ကြောင်း၊ မကြာသေးမီက မြန်မာနိုင်ငံ မန္တလေးတွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ကြီးမားပြင်းထန်လှသည့် သေဆုံးဒဏ်ရာရမှုနှင့် ပစ္စည်းဥစ္စာဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံဘက်က ကူညီကယ်ဆယ်ရေးအင်အားများကို အစောဆုံး စေလွှတ်ခဲ့သလို အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ကူညီပံ့ပိုးပေးပါကြောင်း၊ ကူညီပံ့ပိုးမှုများကို ဆက်လက်ဆောင်ရွက်ကာ မြန်မာနိုင်ငံ၏ နေရပ်ဌာနေပြန်လည်တည်ဆောက်မှုကို ထောက်ခံအားပေးသွားလိုကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လျှောက်လှမ်းခြင်း၊ အချုပ်အခြာအာဏာလွတ်လပ်မှု၊ နယ်မြေပိုင်နက်ပြည့်စုံမှု၊ နိုင်ငံတော်တည်ငြိမ်မှု၊ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ် တည်ငြိမ်သင့်လျော်စွာ ဖော်ဆောင်မှုအား တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း၊ နှစ်ဖက်အနေဖြင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဖော်ဆောင်၍ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အဓိကစီမံကိန်းများတည်ဆောက်မှုအား စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘက်က မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်း၊ စီမံကိန်းများ၏ ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျစွာ အာမခံပေးရန်၊ အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေး လိမ်လည်မှု စသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို တိုးမြှင့် တိုက်ဖျက်ရန် မျှော်လင့်ကြောင်း၊ နှစ်ဖက်အနေဖြင့် ကုလသမဂ္ဂအား ဗဟိုပြုသည့် နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေအား အခြေခံသည့် နိုင်ငံတကာစည်းစနစ်ကို အတူတကွ ကာကွယ်၍ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားများအား ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မင်းအောင်လှိုင်က မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်သင့်ပြီးနောက် တရုတ်နိုင်ငံက အစောဆုံး မြန်မာဘက်သို့ ရင်းနှီးစွာ နှစ်သိမ့်အားပေးခဲ့ပြီး မြန်မာနိုင်ငံသို့ ကူညီပေးမှုများ အစောဆုံးထောက်ပံ့ပေးကာ မြန်မာနိုင်ငံ သဘာဝဘေးကယ်ဆယ်ရေးတွင် ကူညီပေးခဲ့ခြင်းသည် မြန်မာနိုင်ငံအပေါ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ်နှင့်အခက်တွေ့ချိန်တွင် စစ်မှန်သည့်စေတနာအား ထင်ဟပ်စေကြောင်း၊ မြန်မာပြည်သူများက ယင်းအပေါ် ထာဝရအမှတ်ရနေမည်ဖြစ်ကြောင်း၊ သမ္မတရှီကျင့်ဖိန်၏ ဉာဏ်ပညာကြီးသော ဦးဆောင်မှုအောက်တွင် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးသည် သာလွန်ကောင်းမွန်သော အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံဘက်က တရုတ်နိုင်ငံနှင့်ဆက်ဆံရေးအား များစွာ အလေးထားကြောင်း၊ တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရသော ချစ်ကြည်ရင်းနှီးထိုက်သောအိမ်နီးချင်းအဖြစ် ထာဝရလုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး၊ စွမ်းအင် စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို အားထားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ဘေးကင်းလုံခြုံမှုအား အစွမ်းကုန် အာမခံပေးသွားမည်ဖြစ်ကြောင်း၊တရုတ်နိုင်ငံက အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီးသုံးရပ်နှင့် အိမ်နီးချင်းနိုင်ငံများနှင့် အေးအတူပူအမျှအသိုက်အဝန်းအတူတကွတည်ဆောက်သည့် အယူအဆအား များစွာ တန်ဖိုးထားချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူလက်တွဲ၍ စိန်ခေါ်မှုများအား ရင်ဆိုင်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ချိုက်ချီ၊ ဝမ်ရိတို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment