မော်စကိုတွင် ရုရှား-မြန်မာ ဇီဝလုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်စကိုတွင် ရုရှား-မြန်မာ ဇီဝလုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ


နေပြည်တော်၊ မေ ၂၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖိတ်ကြားချက်အရ - ဇီဝလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်၊ အမျိုးသားအဆင့်အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့ (Biological Weapon Convention/ BWC-National Authority) ဥက္ကဋ္ဌဖြစ်သူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် မေ ၂၂ ရက်တွင် မော်စကိုမြို့တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပသော ရုရှား-မြန်မာဇီဝလုံခြုံရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်သည်။

နံနက်ပိုင်းတွင် ဆွေးနွေးပွဲပထမပိုင်းကို ကျင်းပရာ ဒုတိယဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ဇီဝလုံခြုံရေးဆိုင်ရာ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများသည် ကမ္ဘာ့နိုင်ငံများနှင့် အာရှ-ပစိဖိတ် ဒေသရှိနိုင်ငံများတွင် လူ၊ တိရစ္ဆာန်နှင့် အပင်များ၊ မျိုးရိုးဗီဇပြုပြင်ထားသော ကောက်ပဲသီးနှံများနှင့် ထုတ်ကုန်များမှတစ်ဆင့် ဇီဝဘေးအန္တရာယ်များနှင့် ကူးစက်ကပ်ရောဂါများကင်းရှင်းရေးနှင့် ဇီဝလုံခြုံရေးဆိုင်ရာ ထိန်းချုပ်ဆောင်ရွက်မှု အခင်းအကျင်းများ၊ အခြေအနေများကို ဆွေးနွေးကြပြီး ရုရှား-မြန်မာမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများပီပီ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ခိုင်မြဲစေရေး၊ နှစ်နိုင်ငံလုံးရှိ ပြည်သူများ၏ ဇီဝလုံခြုံရေးဆိုင်ရာ ဘုံအကျိုးကျေးဇူးများအတွက် စဉ်ဆက်မပြတ် အတူတကွ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးကြသည်။

ယင်းနောက် ဆွေးနွေးပွဲကိုခေတ္တရပ်နားပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တာဝန်ရှိသူများက တည်ခင်းဧည့်ခံသော နေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တာဝန်ရှိသူများသည် ဇီဝဘေးအန္တရာယ်များနှင့် ကူးစက်ကပ်ရောဂါများကို ကာကွယ်ထိန်းချုပ်ရေး၊ ဇီဝလုံခြုံရေးပူးပေါင်းမြှင့်တင်မှုဆိုင်ရာ မဟာဗျူဟာမြောက် ရေရှည်ပူးပေါင်းဆောင်ရွက်ရေးအတွက် အပြုသဘောဆောင်ကာ ဆွေးနွေးညှိနှိုင်းကြသည်။

မြန်မာနိုင်ငံသည် ၁၇၁ နိုင်ငံမြောက် BWC အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် အတည်ပြုပါဝင်ခဲ့ပြီး BWC ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ကတိကဝတ်များအတိုင်း လိုက်နာကျင့်သုံးလျက်ရှိပြီး BWC Article (X) အောက်ရှိ သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုကို ကိုးကားလျက် ဇီဝလုံခြုံရေးဆိုင်ရာ ထိပ်တန်းအတွေ့အကြုံကြွယ်ဝပြီး အဆင့်မြင့်သိပ္ပံနှင့် နည်းပညာများအသုံးချလျက်ရှိသော ရုရှား ဖက်ဒရေးရှင်းနိုင်ငံနှင့် ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် နိုင်ငံ့ဇီဝလုံခြုံရေး အားကောင်းခိုင်မာစေရန် ပူးပေါင်းဆောင်ရွက်မှုသည် မှန်ကန်သင့်လျော်ပြီး အမျိုးသားရေးရည်မှန်းချက်များ အောင်မြင်ပြည့်မီစေရေးအတွက် အထောက်အကူပြုလျက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)