ငလျင်ဘေးသင့်ပြည်သူများအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဆက်လက် ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဘေးသင့်ပြည်သူများအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဆက်လက် ရောင်းချ



နေပြည်တော်၊ မေ  ၁၄

ငလျင်ဘေးသင့်ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးခြင်းအစီအစဉ်ကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ပြသရောင်းချလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ  ပြည်သူများနှင့် ဒေသခံပြည်သူအများအပြား လာရောက်လေ့လာဝယ်ယူလျက်ရှိသည်။

ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်မှ ဒေါ်ဌေးဌေးလွင်က “အခုလို ငလျင်ဘေးသင့်ပြည်သူတွေအတွက် စီစဉ် ပေးတဲ့ဈေးရောင်းပွဲတော်ကိုမိတ်ဆွေသူငယ်ချင်းတွေကတစ်ဆင့်  ကြားသိရတဲ့အတွက်  လိုအပ်တဲ့ ဘိလပ်မြေနဲ့အိမ်ဆောက်လုပ်ငန်းသုံးဆက်စပ်ပစ္စည်းတွေကို လာရောက်ဝယ်ယူတာဖြစ်ပါတယ်။ ပစ္စည်းမှန်ပြီးဈေးနှုန်းလည်းမှန်ပါတယ်” ဟုပြောသည်။

ယနေ့တွင် ဘိလပ်မြေထုတ်လုပ်သူများအသင်း အရောင်းပြခန်း၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များ အသင်း အရောင်းပြခန်း၊  မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းအရောင်းပြခန်း၊ အိမ်ဆောက်လုပ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုး အရောင်းပြခန်း၊ နိုင်ငံတကာမှ အရည်အသွေးမြင့် မီးဖိုချောင်သုံးပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများအရောင်းပြခန်း၊ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံးဆောက်လုပ်ရေးနှင့်အိမ်အသုံးအဆောင်ပစ္စည်းများ အရောင်းစင်တာ၊ သံထည်နှင့်စတီးများ အရောင်းပြခန်း၊ ပရိဘောဂအရောင်းပြခန်း၊  အိမ်သုတ်ဆေးအရောင်းပြခန်း၊ လုပ်ငန်းသုံးမီးစက်သေးနှင့်မီးစက်ကြီးများ   အရောင်းပြခန်း၊ ဆိုလာပြားနှင့်ဆက်စပ်ပစ္စည်းများ အရောင်းပြခန်းများတွင်လာရောက်လေ့လာဝယ်ယူသူ  များပြားလျက်ရှိသည်။

အဆိုပါ အရောင်းပွဲတော်သို့လာရောက်လေ့လာဝယ်ယူသည့်  ပုဗ္ဗသီရိမြို့နယ်မှ ဦးအာကာဒိုးက “ဘိလပ်မြေလာရောက်ဝယ်ယူတာဖြစ်ပါတယ်။ တန်းစီပြီးတော့ ဝယ်ယူရတာဖြစ်ပါတယ်။ အခုလို အခက်အခဲဖြစ်နေတဲ့အချိန်မှာ ဈေးနှုန်းမှန်ကန်ပြီး အရည်အသွေးပြည့်မီတဲ့ သံ၊  သံမဏိ၊ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ လာရောက်ရောင်းချပေးတဲ့ အသင်းအဖွဲ့တွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်ကတော့ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မိမိနေအိမ်ကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့ လိုအပ်တဲ့ ဘိလပ်မြေ လာရောက်ဝယ်ယူတာဖြစ်ပါတယ်။ ဘိလပ်မြေလာရောက်ဝယ်ယူသူတွေအနေနဲ့နိုင်ငံသားစိစစ်ရေးကတ်၊ အပျက်အစီးမှတ်တမ်းဓာတ်ပုံ၊ အိမ်ထောင်စုဇယားမိတ္တူ၊ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်တို့ လိုအပ်ပါတယ်။ အရောင်းတာဝန်ရှိသူတွေကလည်း ဝယ်ယူရာမှာလိုအပ်တဲ့ အချက်အလက်တွေကိုပြည့်စုံစွာရှင်းလင်းပြောကြားပေးပါတယ်”ဟု ပြောသည်။

ယနေ့တွင် ရောင်းချခြင်းအစီအစဉ်နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)က ကြီးမှူး၍ MSIA - TALK SHOW ကို ထည့်သွင်းကျင်းပရာ ဆရာကြီး ဦးကြည်သာက “နည်းပညာရပ်ဖွံ့ဖြိုးမှုနှင့်အတူ တိုးပွားလာသောရာဇဝတ်မှုခင်းများအကြောင်း” ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးပြီး  တက်ရောက်လာကြသူများ၏မေးမြန်းချက်များကိုပြန်လည်ဖြေကြားပေးသည်။

အဆိုပါဈေးရောင်းပွဲတော်ကို ငလျင်ဘေးသင့်ပြည်သူများထူထောင်ရေးလုပ်ငန်းများ မိုးမကျမီ ဆောလျင်စွာ ပြန်လည်တည်ဆောက်နိုင်ရန် ဈေးနှုန်းမှန်ကန်စွာဖြင့် အရည်အသွေးပြည့်မီစွာ  ဝယ်ယူနိုင်ရန် ရည်ရွယ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)I မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း၊  မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း၊ ဘိလပ်မြေထုတ်လုပ်သူများအသင်းနှင့်မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး ရောင်းချခြင်းအစီအစဉ်ကို  မေလ ၁၈ ရက်အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)