ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ရာဇာမဏိစူဠာကောင်းမှုတော်စေတီတော်၏ စိန်ဖူးတော် မြေသို့ ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ရာဇာမဏိစူဠာကောင်းမှုတော်စေတီတော်၏ စိန်ဖူးတော် မြေသို့ ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနား ကျင်းပပြုလုပ်



နေပြည်တော်၊ မေ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ရာဇာမဏိစူဠာကောင်းမှုတော်စေတီတော်၏ စိန်ဖူးတော် မြေသို့ ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော် ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ တို့က ငလျင် ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော ရာဇာမဏိစူဠာကောင်းမှုတော် စေတီတော်ကြီး၏ စိန်ဖူးတော်နှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်မည့် အခြေအနေများကို သီတဂူဆရာတော်ကြီးထံ လျှောက်ထားတင်ပြကြပြီး ဩဝါဒခံယူကြ သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန် ရှိသူများသည် ရာဇာမဏိစူဠာကောင်းမှုတော်စေတီတော်ကြီး၏ စိန်ဖူးတော်အား စက်ယန္တရားကြီးဖြင့် မြေသို့ပင့်ဆောင်နေမှုကို ကြည့်ရှုဖူးမြော်ကြသည်။ ယင်းနောက် စိန်ဖူးတော်ကြီးအား သီတဂူဆရာတော်ကြီးထံ ဆက်ကပ်ပြီး စိန်ဖူးတော်ရတနာကြုပ်အတွင်းပါရှိသော ရတနာပစ္စည်းများကို စနစ်တကျထိန်းသိမ်းထားရှိနိုင်ရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ ရာဇာမဏိစူဠာကောင်းမှုတော် စေတီတော်ကြီး၏ စိန်ဖူးတော်ရတနာကြုပ် အတွင်း၌ ရွှေကွပ်ထားသောကြေးပြား အရွယ်ဆိုဒ်စုံ (၅၄)ပြား၊ စိန်ဖူးခြုပ်အပေါ်ပိုင်း၊ စိန်ဖူးခြုပ်အောက်ပိုင်း၊ ငွေဟုယူဆရသော စတီးစိန်ဖူးအထိုင်၊ မြသပိတ်တော်ခြုပ်၊ ငွေဒင်္ဂါပြားနှင့် အကြွေစေ့ဆိုဒ်စုံ (၂၉)ပြား၊ နားကပ်(၁၄)ခု၊ လက်စွပ်(၅)ကွင်း၊ ကျောက်မျိုး စုံ(၁၃၇)လုံး၊ ရွှေအစအသေး(၃)ဆ၊ ဓာတ်တော်ကြုပ် ပုလင်း(၂)လုံးနှင့် စိန်ဖူးကြုပ်ရွှေ အလေးချိန်(ကျောက်အပါ) ၄၃ ကျပ် ၅ ပဲသား ပါရှိကြောင်းနှင့် အဆိုပါပစ္စည်းများကို တာဝန်ရှိသူများထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)