ငလျင်ဘေးခံစားခဲ့ရသည့် မသန်စွမ်းသူများအား ထောက်ပံ့ကြေး ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဘေးခံစားခဲ့ရသည့် မသန်စွမ်းသူများအား ထောက်ပံ့ကြေး ပေးအပ်


နေပြည်တော်၊ မေ ၁၃

မန္တလေးငလျင်ဘေးခံစားခဲ့ရသည့် မသန်စွမ်းသူများအား ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် ဒုတိယဥက္ကဋ္ဌ (၁)၊ နေပြည်တော်မသန်စွမ်းသူများ အသင်းဥက္ကဋ္ဌနှင့် မသန်စွမ်းသူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ မသန်စွမ်းသူ ၁၁၆၇ ဦး ငလျင်ဘေးခံစားခဲ့ရသည်ကို သိရှိရကြောင်း၊ သဘာဝဘေးကြုံတွေ့ချိန်တွင် မသန်စွမ်းသူများသည် ပိုမိုထိခိုက်လွယ်သည့် အခြေအနေရှိသူများဖြစ်သောကြောင့် ၎င်းတို့၏ လတ်တလောသက်သာချောင်ချိရေး တစ်စိတ်တစ်ပိုင်းအထောက်အပံ့ဖြစ်စေရန်အတွက် ငလျင်ဘေးခံစားခဲ့ရသည့် မသန်စွမ်းသူများကို အထူးအခြေအနေတစ်ရပ်အဖြစ် ထောက်ပံ့ရခြင်းဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သဘာဝဘေးနှင့် အခြားအရေးပေါ် အခြေအနေဆပ်ကော်မတီကို ဖွဲ့စည်းထားရှိပြီး မသန်စွမ်းမှုအမျိုးအစားအလိုက် ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဘေးအန္တရာယ်ဖြစ်ပွားစဉ်နှင့် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ရင်ဆိုင်ကြုံတွေ့ရမည့် ကိစ္စရပ်များတွင် ကြိုတင်ပြင်ဆင်နိုင်ရန်၊ ထိရောက်စွာတုံ့ပြန်နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးတို့အတွက် “မသန်စွမ်းသူများအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ကယ်ဆယ်ရေးစံလုပ်ငန်းစဉ်” ကို ပြုစုရေးဆွဲလျက်ရှိကြောင်းနှင့် သဘာဝဘေးကြုံတွေ့လာပါက ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် မသန်စွမ်းသူများ ပူးပေါင်းပါဝင်နိုင်မည့် အခြေအနေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အဘက်ဘက်မှ ပူးပေါင်းပါဝင်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ငလျင်ဘေးခံစားခဲ့ရသည့် မသန်စွမ်းကိုယ်စားလှယ်များကို ထောက်ပံ့ကြေးများ ပေးအပ်ပြီး ငလျင်ဒဏ်ခံစားခဲ့ရသည့် ကျန်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မသန်စွမ်းသူများအတွက်လည်း ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)