တာမွေ၊ မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စီစဉ်ကျင်းပသော မြို့နယ်အတွင်း မှုခင်းကျဆင်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးခင်မောင်ထွန်းက မြို့နယ် အတွင်းရှိ ပြည်သူများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် မှုခင်းကျဆင်းရေး ဆိုင်ရာလုပ်ငန်းစဉ်များနှင့် မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်နေသည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟော ပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
အခမ်းအနားသို့ တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးခင်မောင်ထွန်းနှင့် ရဲဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်အတွင်း ရာဇဝတ်မှုများ ဖြစ်ပွားမှုမှ ကင်းဝေးပြီး တရားဥပဒေစိုးမိုးရေး၊ နယ်မြေဒေသအတွင်း တည်ငြိမ်အေးချမ်းစေရေးနှင့် မူးယစ်ဆေးဝါးကင်းစင်ပပျောက်စေရေးအတွက် အဆိုပါဟောပြောပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment