နေပြည်တော်၊ မေ ၁၃
ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူ များနှင့် တာဝန်ရှိသူများလိုက်ပါ၍ သန်လျင်တပ်နယ်ရှိ ရေတပ် လေ့ကျင့်ရေးဌာနချုပ် သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆို၍ သီရိမဟာဇေယျကျော်ထင်ခန်းမ၌ တပ်မတော်(ရေ) Documentary အားပြသပြီး ရေကြောင်းပြခန်းနှင့် ဥတ္တရဆောင်ရှိစာသင်ခန်းတို့အား လေ့လာခြင်း၊ Torpedo Trainer နှင့် ရေတပ်အမြောက်များ လေ့လာခြင်း၊ Welding Simulator ၊ Electrical Trainer & Cutaway Model များအား လေ့လာခြင်း၊ Damage Control Simulator-Zarmani အား လေ့လာခြင်း၊ Ship Handling Simulator & Engine Room Simulator သမိုင်းဝင်စစ်ရေယာဉ်(မေယု)တို့အား လှည့်လည်ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများသည် ရေတပ်သင်္ဘောကျင်းဌာနချုပ် သို့ ရောက်ရှိကြပြီး စိတ်ဓာတ်မြှင့်တင်ရေးခန်းမ၊ ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများ၊ လွန်းတင်ပြင်ဆင်လျက်ရှိသော ရေယာဉ်များ၏ပြုပြင်ရေးဆောင်ရွက်နေမှုများနှင့် Ship Lift System စနစ်ဖြင့်ရေယာဉ်များ လွန်းတင်/လွန်းချခြင်းများကို လှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
မွန်းလွဲပိုင်းတွင် သင်တန်းသား၊ သင်တန်းသူများသည် တပ်မတော် (ရေ)မှ စစ်ရေယာဉ်(မုတ္တမ)ဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လေ့လာရေးသွားရောက် ကြရာ လေ့လာရေးခရီးစဉ်အတွင်း စစ်ရေယာဉ်၏ ရေယာဉ်ဆိုင်ရာ အချက်အလက် များ၊ လက်နက်နှင့် လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာစနစ်များ၊ ရေကြောင်းသွားလာ ရေးဆိုင်ရာ အထွေထွေဗဟုသုတများ၊ ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာ စနစ်များ၊ ရေယာဉ်ခုတ်မောင်းနေစဉ် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် အခြားသိသင့်သိထိုက်သည်များအား စိတ်ပါဝင်စားစွာလေ့လာခဲ့ကြပြီး တာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြသသည်။
အလားတူ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းစခန်း ၁၅ ခုမှ ထူးချွန်ဆုရသင်တန်းသားများသည် ယနေ့တွင် နေပြည်တော်လေတပ်စခန်း၌ လေယာဉ်/ရဟတ်ယာဉ်များ လိုက်ပါမပျံသန်းမီ အထွေထွေကျန်းမာရေး စစ်ဆေးခြင်းနှင့် ကြိုတင်လေ့ကျင့်သင်ကြားဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး လေယာဉ်မောင်းသင် ကျောင်းမှ နည်းပြလေသူရဲများနှင့်အတူ အမောင်းသင်လေယာဉ်/ရဟတ်ယာဉ်များအား လက်တွေ့ လိုက်ပါပျံသန်းခြင်းများ ဆောင်ရွက်ကြသည်။
ထို့အတူ နေပြည်တော်ကောင်စီနယ်မြေရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ စခန်းပေါင်းစုံ အခြေခံစစ်ရေးပြပြိုင်ပွဲများ၊ RC Simulator မောင်းနှင်ခြင်းနှင့် Flight Simulator မောင်းနှင်ခြင်းပြိုင်ပွဲများ၊ RC လေယာဉ်မောင်းနှင်ခြင်းနှင့် RC ရဟတ်ယာဉ် မောင်းနှင်ခြင်းပြိုင်ပွဲများကို ပြုလုပ်ရာ မြန်မာပြည်မြောက်ပိုင်းသင်တန်းစခန်း၊ မြန်မာပြည်တောင်ပိုင်းသင်တန်းစခန်း၊ ရန်ကုန်သင်တန်းစခန်း၊ မော်လမြိုင်သင်တန်း စခန်း၊ နမ့်စန်သင်တန်းစခန်း၊ တောင်ကြီးသင်တန်းစခန်း၊ တောင်ငူသင်တန်းစခန်း၊ ပြည်သင်တန်းစခန်း၊ မြိတ်သင်တန်းစခန်း၊ မကွေးသင်တန်းစခန်း၊ ပုသိမ်သင်တန်း စခန်း၊ မိတ္ထီလာသင်တန်းစခန်း၊ နေပြည်တော်သင်တန်းစခန်း၊ ကျိုင်းတုံသင်တန်း စခန်းနှင့် ကိုကိုးကျွန်းသင်တန်းစခန်းစသည့် လေကြောင်း လူငယ်သင်တန်း စခန်း ၁၅ ခုမှ သင်တန်းသားများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment