ရန်ကုန်၊ မေ ၁၃
ဒေသခံ PDF အကြမ်းဖက်အုပ်စုနှင့် ပြည်ဖျက်မီဒီယာများ ပူးပေါင်း၍ မဟုတ်မမှန် လုပ်ကြံဖန်တီးဖြန့်ဝေသည့် ဒီပဲယင်း သတင်းအပေါ် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့က ထပ်ဆင့်၍ လုပ်ကြံဖန်တီး ရေးသားထုတ်ပြန်ထားသည်ကို တွေ့မြင်ရသည်။
ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ ထုတ်ပြန်ချက်တွင် "အကြမ်းဖက်စစ်အုပ်စုသည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း ကို ၂၀၂၅ ခုနှစ်၊ မေလ (၁၂) ရက်နေ့ မနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးနှင့် စေတနာ့ဝန်ထမ်း ဆရာမ (၂) ဦး သေဆုံးခဲ့ပြီး။ ပြည်သူ (၁၀၂) ဦး ကျော် ထိခိုက်ဒဏ်ရာရမှုဖြစ်စေခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အိမ်ခြေ (၃ဝဝ) ခန့်ရှိသော အိုးတိန်တွင်း ကျေးရွာမှာ ပြည်သူ (၅၀၀) ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတဝန်း ယာယီအပစ်အခတ် ရပ်စဲရေးကို ၂၀၂၅ ခုနှစ်၊ မေလ (၃၁) ရက်နေ့အထိ သက်တမ်းတိုးထားကြောင်း ကြေညာခဲ့သော်လည်း အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပိုမိုတိုးမြင့်လာခဲ့သည်။ ထိုတိုက်ခိုက်မှုများတွင် ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။ ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ မေလ (၁၂) ရက်နေ့ အထိ လေကြောင်းတိုက်ခိုက်ခံရသည့် ဖြစ်စဉ်ပေါင်း (၂၆၇၉) ကြိမ် ရှိရာတွင် ကျောင်းပေါင်း (၂၄၀) ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရသည်။" ဟု လုပ်ကြံဖန်တီး ရေးသားထုတ်ပြန်ထားသည်ကို တွေ့မြင်ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကိုလုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဆရာ၊ ဆရာမ ၂ ဦး အပါအဝင်ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးဝန်းကျင်ခန့် ထိခိုက်သေဆုံးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်း သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကိုသာ ဆောင်ရွက်လျက်ရှိပြီး စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာများအား ဗုံးကြဲတိုက်ခိုက်မှုများမရှိကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့်အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ်များပညာရည်မြင့်မားစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသည်မှာ ပြည်သူများအသိပင်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ်ထောက်ခံအားပေးမှုမရှိသည့် မြို့နယ်၊ ကျေးရွာများအား လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အပြစ်မဲ့အရပ်သားပြည်သူများအား ပြန်ပေးဆွဲဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး၎င်းတို့၏ လူမဆန်သည့်အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း ၁၂-၅-၂၀၂၅ ရက်နေ့က သတင်းဖြစ်စဉ်အပေါ် စိစစ်၍ ထုတ်ပြန်ထားပြီး ဖြစ်သည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment