အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနခွဲ(ရန်ကုန်)သို့ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနခွဲ(ရန်ကုန်)သို့ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ကြည့်ရှုစစ်ဆေး


ရန်ကုန်၊ မေ ၅

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့်အတူ ယမန်နေ့က အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဌာနခွဲ (ရန်ကုန်)သို့သွားရောက်၍ ဧည့်ခန်းမ၌ ငလျင်ဘေးဒဏ်သင့်လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် SUN Pharmaceutical Industry က လှူဒါန်းသောငွေကျပ်သိန်း ၃၀၀ ကိုလည်းကောင်း၊ The Korea Foundation for International Healthcare (KOFIH) အဖွဲ့က လှူဒါန်းသည့် ငွေကျပ်သိန်း ၃၀  ကိုလည်းကောင်း လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားကာ  ဂုဏ်ပြုမှတ်တမ်းတင်လက်မှတ်ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ရှေးဦးစွာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ပါမောက္ခဒေါက်တာရဲမြင့်ကအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)၌ လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို  ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အင်အားပြင်းငလျင်ကြောင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး  ဦးစီးဌာန(ရုံးချုပ်) နေပြည်တော်၏ ဓာတ်ခွဲခန်းနှင့်ရုံးအဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သဖြင့်   ပြင်ဆင်နေသည့်    အချိန်ကာလအတွင်း မူလလုပ်ငန်းများအရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရန်  အချို့ဝန်ဆောင်မှုများကို ရန်ကုန်ရုံးခွဲသို့ ယာယီပြောင်းရွှေ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစားအသောက်နှင့်ဆေးဝါးများကို စစ်ဆေးဆောင်ရွက်ရာတွင်  သတ်မှတ်ထားသော စံလုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ကြရသော်လည်း အခြားသောကြန့်ကြာနိုင်သည့်အကြောင်းရင်းများကို ရှာဖွေဆန်းစစ်ကာလုပ်ငန်းများ ယခုထက်ပိုမိုမြန်ဆန်စေရေးအတွက် ပိုမိုကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့်လိုအပ်ချက်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက  လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဆေးဝါးတက္ကသိုလ်-ရန်ကုန်၏  RC (၄)ထပ် ကျောင်းသူ အိပ်ဆောင်အား လှည့်လည်ကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများလုံခြုံစိတ်ချစွာပညာသင်ယူနိုင်ရေးအတွက် စာသင်ဆောင်များ၊နေထိုင်မည့်အဆောင်များကြံ့ခိုင်မှုရှိစေရေး၊ အဆင်ပြေစွာနေထိုင်နိုင်ရေးနှင့်ကျောင်းသား၊ ကျောင်းသူများနေရာချထားရေးတို့အတွက် လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

အဆိုပါအဆောင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့(၂)က ၂၀၂၄ ခုနှစ် မေလမှစတင်၍ နိုင်ငံတော်၏ရန်ပုံငွေကျပ်  ၁၈၃၆ သန်းကို အသုံးပြုဆောက်လုပ်ခဲ့ရာ ၂၀၂၅ ခုနှစ်မတ်လတွင် ပြီးစီးခဲ့ကာ ကျောင်းသူဦးရေ ၁၁၀ နေထိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)