သီတဂူစက္ခုဒါနဆေးရုံတော် (ရန်ကုန်)သို့ ဗီယက်နမ်ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က ငွေကျပ် သိန်းတစ်ထောင် လာရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတဂူစက္ခုဒါနဆေးရုံတော် (ရန်ကုန်)သို့ ဗီယက်နမ်ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က ငွေကျပ် သိန်းတစ်ထောင် လာရောက်လှူဒါန်း


ရန်ကုန်၊ မေ ၂၉

သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ အရှင်ဉာဏိဿရ သီတဂူဆရာတော်ကြီးထံသို့ ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့၌ သာသနာပြုနေသည့် ဆရာတော် VEN. THICH POUOC TAN ဦးဆောင်သော ဗီယက်နမ် ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က စက္ခုဒါနအလှူအဖြစ် ငွေကျပ်သိန်းတစ်ထောင်ကို ယမန်နေ့က လာရောက်လှူဒါန်းသည်။

သီတဂူဆရာတော်ကြီးက ဗီယက်နမ်ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့အား စက္ခုဒါန အလှူတော်အကြောင်းအရာများ၊ သာသနာပြုလုပ်ငန်းဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံတွင် ငလျင်ဒဏ်သင့်ဒေသများ၌ သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းမိန့်ကြားသည်။

ယင်းနောက် ဗီယက်နမ်ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က လာရောက်လှူဒါန်းခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဆက်လက်၍လည်း မြန်မာနိုင်ငံ၏ ဗုဒ္ဓသာသနာတော်အတွက် လိုအပ်သည့်နေရာများတွင် လှူဒါန်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လျှောက်ထားသည်။

ဆက်လက်၍ သီတဂူဆရာတော်ကြီးက နဝကမ္မလှူဒါန်းမှုအတွက် သာဓုအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်သည်။

ထို့နောက် ဗီယက်နမ်ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိခွဲစိတ်ကုသမှုခံယူနေသော မျက်စိဝေဒနာရှင်များအား လှူဒါန်းငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ပြီး အားပေးစကားပြောကြားသည်။

အဆိုပါ ဗီယက်နမ်ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များနှင့် သာသနိကအဆောက်အအုံများပြုပြင်ရန်အတွက် သီတဂူဆရာတော်ကြီး ဦးဆောင်မှုနှင့်အတူ သွားရောက်လှူဒါန်းမည်ဖြစ်ပြီး ငလျင်ဒဏ်သင့် ဒေသခံပြည်သူများအတွက်လည်း ကူညီလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)