ပေါင်၊ မေ ၃၁
မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ကို ယနေနံနက်ပိုင်းက ကော့ကရင်ကျေးရွာ ဓမ္မာရုံ၌ ပြုလုပ်ဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အိနန္ဒာဝင်း နှင့်အဖွဲ့ဝင်များ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္က၊ နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နွေးနွေးနှင့်အဖွဲ့ဝင်များ ကော့ကရင်ကျေးရွာမှ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိနန္ဒာဝင်း က ယခုရာသီသည် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားချိန်ဖြစ်သည့်အတွက် အိမ်တွင်း ဖုန်း သွန် လဲ စစ် ပြုလုပ်ခြင်း ကို ဆောင်ရွက်ကြပါရန် ပြောကြားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အာဟာရပစ္စည်းများပေးအပ်ခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ်အမျိုးသမီးရေးရာအတွင်းရေးမှူး ဒေါ်မြသန်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ဖြစ်သည့်ကဏ္ဍကြီး(၅)ရပ်ဖြင့် လှုပ်ရှားဆောင်ရွက်သွားရန်နှင့် မြန်မာအမျိုးသမီးများအနေဖြင့်အိမ်တွင်းသန့်ရှင်းဖို့လိုအပ်ပါကြောင်း၊ ဘုရာပန်းရေ နေ့စဉ်လဲခြင်းဖြင့် ခြင်ပေါက်ဖွားမှုကာကွယ်ပါကြောင်း၊ သောက်သုံးရေကို ကြိုချက်၍သောက်ကြပါရန်၊ အမှည့်လွန်တဲ့အသီးတွေ မစားသင့်ကြောင်း၊ အဟာရရှိတဲ့အစားအစာတွေ ကိုစားသောက်ကြပါရန် မိမိနေထိုင်တဲ့ပတ်ဝန်ကျင် သန့်ရှင်းဖို့အရေးကြီးပါကြောင်း၊ မိသားစုမှာ မိဘတာဝန်ကျေဖို့အတွက် သားသမီးဖွံ့ဖြိုးတိုးတက်စေရန် ပညာရေး အရေးကြီးပါကြောင်း ပြောကြားဆွေးနွေးခဲ့သည်။
ထို့နောက် ကော့ကရင်ကျန်းမာရေးမှူးဦးအောင်ဖြိုးခန့် က ရာသီတုပ်ကွေးရောဂါဖြစ်ပွားရသည့် အကြောင်းအရာများ၊ ရာသီတုပ်ကွေးရောဂါဖြစ်ပွားလာပါက ကာကွယ်ရမည့်အချက်များကို အသေးစိတ်ဆွေးနွေးခဲ့သည်။ ယင်းနောက်တာဝန်ရှိသူများက ကျန်းမာရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost








No comments:
Post a Comment