နေပြည်တော်၊ မေ ၂၇
နေပြည်တော်တွင် ကျင်းပသည့် အကယ်ဒမီပေးပွဲတွင် အောင်ကိုမိုး ဆိုသူက ဗုဒ္ဓဘာသာကို စော်ကားရာရောက်သော ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တရားရုံးတွင် ကိုအောင်ကျော်ဦး က တရားလို ပြုလုပ်၍ တရားစွဲဆိုထားရာ ယနေ့ (၂၇-၅-၂၀၂၅) ရက်နေ့ ရုံးချိန်းတွင် တရားလိုကို စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။
ဆရာတော် ဦးပညာ က "ဒီနေ့ကတော့ တရားလိုကို စစ်တယ်ပေါ့။ အောင်ကိုမိုးရဲ့ ယခင်ရှေ့နေက နေလင်းစိုး၊ ထပ်တိုးရှေ့နေက အောင်ရဲစိုး တဲ့။ ဦးဇင်းတို့ ဝင်ထိုင်တာကိုတောင် ထပ်တိုးရှေ့နေ အောင်ရဲစိုး ဆိုတဲ့ပုဂ္ဂိုလ်က လိုပြသက်သေထဲ ပါလို့ ဝင်နားထောင်လို့ မရပါဘူး ဆိုလို့ ဆရာတော်နဲ့ ဦးနေမိန္ဒတို့ ထွက်ပေးခဲ့ပါတယ်။ တရားလိုကို စစ်ဆေးရာမှာလည်း မလိုလားအပ်တဲ့ မေးခွန်းတွေ မေးတယ်လို့ သိရပါတယ်။" မိန့်ကြားသည်။
တရားလို ကိုအောင်ကျော်ဦး အား ဆက်သွယ်မေးမြန်းရာ "ဒီနေ့ တရားလို အကို့ကို စစ်ပြီးပြီ။ သက်သေတွေကိုတော့ နောက်တစ်ပတ် ၁၀-၆-၂၀၂၅ ရက်နေ့ ကို စစ်မယ်။ တဖက်ရှေ့နေကတော့ ခရော့လိုက်ထိုးတာပေါ့။ အကို့ရှေ့နေကလည်း မလိုလားအပ်တဲ့ မေးခွန်းတွေကို အကုန် ပယ်ဖျက်ခိုင်းတာပေါ့။ ဟိုဘက်က မလိုလားအပ်တဲ့ မေးခွန်းတွေကိုလည်း တရားသူကြီးက ပယ်ဖျက်ပါတယ်။ ထပ်တိုးရှေ့နေက ဆရာတော် ဦးပညာကို သက်သေမှာ ပါတဲ့အတွက် ထွက်ပေးပါလို့ ပြောတာ။ မဆိုင်တဲ့ မေးခွန်းတွေပါ မေးတယ်။ တရားသူကြီးက သူ့မေးခွန်းတွေကို စစ်ဆေးမေးမြန်းခွင့် မပြုကြောင်း အမိန့်ချလိုက်တော့ တရားစီရင်ရေးကိုပါ သူက ပြစ်တင်တဲ့ သဘောတွေ ထပ်တင်သေးတယ်။" ဟု ပြောသည်။
ဆရာတော် ဦးပညာ က "အဲဒီ အောင်ရဲစိုးဆိုတဲ့ ရှေ့နေက ၂၅-၅-၂၀၂၅ ရက်နေ့က ဦးဇင်းဆီကို လာတယ်။ သူက အောင်ကိုမိုးဘက်ကနေ ရှေ့နေလိုက်မှာ ဖြစ်တဲ့အကြောင်း ပြောတယ်။ သူစီစဉ်ထားတာတွေက အာမခံလျှောက်မယ့်အကြောင်း၊ တောင်းပန်ပွဲ အကြီးအကျယ်လုပ်မယ့်အကြောင်းတွေ ပြောတယ်။ တဖက်ကိုတော့ အာမ မခံခဲ့ဘူးလို့လည်း ပြောတယ်။ ဆရာတော်က သူ့အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဘာမှ မပြောပါဘူး။ မင်း အရင်းအနှီးကြီးတယ် လို့ ပြောလိုက်တယ်။ ဒီကိစ္စမှာ မိုက်ကယ်ဇိုး တရားစွဲတာကို ဝန်းရံပေးတယ်ဆိုတာက ဗုဒ္ဓဘာသာဝင်တွေရဲ့ ကိုယ်စား သူက အလုပ် လုပ်ပေးလို့ လိုပြသက်သေထဲမှာ ပါဝင်ပေးခြင်း ဖြစ်တယ်။ အောင်ကိုမိုးရဲ့ ဝတ်စားဆင်ယင်မှုဟာ ဘုရားကို ခေါင်းဖြတ် တုတ်ထိုးလာပြီး သံဃာတော်တွေလို ထင်ယောင်ထင်မှား ဖြစ်အောင် ဝတ်ဆင်လာခြင်းကြောင့် တရားစွဲဆိုခဲ့ရခြင်း ဖြစ်တယ်။ သူ့ကို တရားမစွဲခင်က တောင်းပန်ဖို့ ပြောခဲ့တာပဲ။ မတောင်းပန်တဲ့ အပြင် သူက ဝေဖန်ထောက်ပြသူတွေကို ဉာဏ်ရည်နိမ့်တဲ့သူတွေလို့တောင် ပြောခဲ့သေးတာပဲ" ဟု မိန့်ကြားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment