ဥပဒေနှင့်အညီ ဆင့်ခေါ်ခြင်းမဟုတ်ဘဲ ကျောင်းသားလူငယ်များကို စစ်မှုထမ်းတွင် ရောင်းစားလိုက်ခြင်း အပေါ် ပြန်လည်စီစစ်လွှတ်ပေးနိုင်ပါရန် အသနားခံ တင်ပြခြင်း (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥပဒေနှင့်အညီ ဆင့်ခေါ်ခြင်းမဟုတ်ဘဲ ကျောင်းသားလူငယ်များကို စစ်မှုထမ်းတွင် ရောင်းစားလိုက်ခြင်း အပေါ် ပြန်လည်စီစစ်လွှတ်ပေးနိုင်ပါရန် အသနားခံ တင်ပြခြင်း (အိတ်ဖွင့်ပေးစာ)



ကျွန်တော် ဦးဌေးအောင်၏ သား မောင်ထက်ဝေယံနှင့် ဦးဝင်းထွန်းနိုင်တို့၏ သားဖြစ်သူ မောင်မိုးချစ်နောင်တို့ နှစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပကောက်ကျေးရွာအုပ်စု၊ တော်ကဆော့ကျေးရွာမှ ရွှေပြည်သာမြို့နယ်သို့ သွားရောက်အလုပ်လုပ်ကိုင်ကြပါသည်။ ၂၀၂၅ ခုနှစ်၊ မေလ(၈)ရက်၊ ကြာသပတေးနေ့ နေ့လည်(၁)နာရီခန့်အချိန် မောင်ထက်ဝေယံနှင့် မောင်မိုးချစ် နောင်တို့(၂)ဦးသည် နေမကောင်း၍ အလုပ်ကအပြန် လူမိုက်ဟုထင်ရသော လူ(၆)ယောက်မှ 'မင်းတို့ဘယ် ကလဲ'ဟုမေးရာ မောင်ထက်ဝေယံနှင့် မောင်မိုးချစ်နောင်တို့မှာ မိမိတို့နေရပ်များကို အပြည့်အစုံပြောပြခဲ့ပါသည်။ 'ဒါဆိုမင်းတို့ကိုစစ်ဆေးစရာရှိတယ်ငါတို့နဲ့လိုက်ခဲ့' ဟုဆိုကာ အတင်းကား ပေါ်ဆွဲတင်ခေါ်သွားကြပါသည်။ ထို့နောက် မောင်ထက်ဝေယံနှင့် မောင်မိုးချစ်နောင်တို့(၂)ဦးအား ရွှေပြည်သာမြို့နယ်အတွက် စစ်မှုထမ်းရန် ရောင်းစားကြပါသည်။ ကျွန်တော်ဦးဌေးအောင်အား သားဖြစ်သူ မောင်ထက်ဝေယံမှ မတ်လ(၁၀)ရက်နေ့ ည(၁၀)နာရီခန့်အချိန်တွင် ဖုန်းနံပါတ် (၀၉-၂၅၀၇၈၆၉၂၉)ဖြင့် ဆက်သွယ်လာပြီး ထိုဖြစ်ကြောင်းကုန်စင်အား ပြောပြခဲ့ပါသည်။ ကျွန်တော်ဦးဌေးအောင်၏ သားဖြစ်သူ မောင်ထက်ဝေယံမှာ အမှန်တကယ် ကျောင်းသားဖြစ်ကြောင်း ကွမ်းခြံကုန်းမြို့နယ်၊ ပညာရေးမှူး၊ တော်ကလိပ်ကျေးရွာ အထက်တန်းကျောင်းအုပ်ကြီးနှင့် ကွမ်းခြံကုန်းမြို့နယ်၊ တော်လန်းတိုက်နယ် ရဲစခန်းမှူးတို့မှ အမှန်တကယ်ကျောင်းသားဖြစ်ကြောင်း ထောက်ခံထားပါသည်။ ၂၀၂၄-၂၀၂၅ Grade-11 ၌ တက် ရောက်သင်ကြားဖြေဆိုခဲ့သည်မှာ ကျောင်းမှတ်တမ်းများနှင့် အဖြေလွှာအား ကွမ်းခြံကုန်းမြို့နယ်၊ တော်ကလိပ်ကျေးရွာ အထက်တန်းကျောင်းတွင် မြို့နယ်သက်ဆိုင်ရာအာဏာပိုင်များမှ လာရောက်စစ်ဆေး နိုင်ပါသည်။ 

ကျွန်တော် ဦးဌေးအောင်၏ သားဖြစ်သူ မောင်ထက်ဝေယံနှင့် ဦးဝင်းထွန်းနိုင်၏သား မောင်မိုးချစ်နောင်တို့မှ ဥပဒေနှင့် မညီသော လူတစ်စု၏ စစ်မှုအားဓမ္မထမ်းခိုင်းခြင်း၊ အနိုင့်ထက်ပြု၍ ရောင်းစားခြင်းအားကြုံတွေ့နေရပါသည်။ ကျွန်တော်တို့သည် စစ်မှုမထမ်းမနေရသော ဥပဒေကိုသိရှိနားလည် လိုက်နာပါသည်။ ကျွန်တော်တို့ကွမ်းခြံကုန်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများ၌ မဲနှိုက်၍ မဲပေါက်သူမှာ မိမိရပ်ကွက်/ကျေးရွာအတွက် ကြည်ကြည်ဖြူဖြူ ရဲရဲဝံဝံဂုဏ်ယူစွာ စစ်မှုထမ်းကြပါသည်။

ယခုအခါ ကျွန်တို့၏ သားဖြစ်သူများမှာ မိမိမြို့နယ်/မိမိရပ်ကွက် မိမိကျေးရွာအတွက် မဟုတ်ပါပဲ သူများမြို့နယ်ရပ်ကွက်အတွက် ဓားစာခံဖြစ်နေရပါသည်။ ကျွန်တော် ဦးဌေးအောင်၏သားဖြစ်သူ မောင်ထက်ဝေယံမှာ Grade-12 တက်ဖို့ကျောင်းအပ်ရန် ရက်မျှသာလိုတော့ပါသည်ခင်ဗျာ။ 

ထို့ကြောင့် ကျွန်တော့်သားအားကျောင်းတက်နိုင်ရန် ကျွန်တော်တို့ထံပြန်လည်ပေးပို့ပါရန် အနူးအညွတ်တောင်းပန်အပ်ပါသည်။ အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ကျွန်တော်ဦးဌေးအောင်မှ အသက်နှင့်ရင်း၍ အာမခံပါသည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် ကျွန်တော်၏သား မောင်ထက်ဝေယံအား ကျောင်းပြန် တက်နိုင်ရန် ကူညီဆောင်ရွက်ပေးပါရန် အသနားခံ တင်ပြအပ်ပါသည်။


ဦးဌေးအောင်

၁၂/ကခက(နိုင်) ၁၇၁ဝ၉၅

ပကောက်ကျေးရွာအုပ်စု၊ တော်ကဆော့ကျေးရွာ။

ကွမ်းခြံကုန်းမြို့နယ်၊ တွံတေးခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)