ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ဆေးတက္ကသိုလ်(၁)ရန်ကုန် ဘွဲ့ကြိုကျောင်းသား ကျောင်းသူများနေထိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ဆေးတက္ကသိုလ်(၁)ရန်ကုန် ဘွဲ့ကြိုကျောင်းသား ကျောင်းသူများနေထိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


ရန်ကုန်၊ မေ ၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်ပါမောက္ခချုပ်နှင့်အတူ ယမန်နေ့က ရန်ကုန်မြို့ မော်ကွန်းတိုက်လမ်း၌ ဆောက်လုပ်ထားသည့် ဆေးတက္ကသိုလ်(၁)ရန်ကုန် ဘွဲ့ကြိုကျောင်းသား ကျောင်းသူများ နေထိုင်ရန် RC ငါးထပ်အိပ်ဆောင်ကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ အိပ်ဆောင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့(၂)က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစတင်၍ နိုင်ငံတော်၏ ရန်ပုံငွေကျပ် ၂ ဒသမ ၈ ဘီလီယံ အသုံးပြုဆောက်လုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ် မတ်လတွင် ပြီးစီးခဲ့ကာ ကျောင်းသား ကျောင်းသူ ၂၅၀ ခန့်ကို အဆင်ပြေချောမွေ့စွာ ထားရှိနိုင်မည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုနစ်ထပ်ဆေးကုသ ဆောင်သို့ရောက်ရှိပြီး နှလုံးသွေးကြောချဲ့ကုသသည့် စက်အသစ် (Interventional Radiology (IR) X-ray) တပ်ဆင်ထားသည့်အခြေအနေကို ကြည့်ရှုကာ ခိုင်ခံ့မှုကို သေချာစွာစစ်ဆေးနိုင်ရေး မှာကြားသည်။

ယင်းနောက် သွေးရောဂါအထူးကုဌာနတွင် ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုခံယူရန် ဆေးရုံ တက်ရောက်နေသည့် သွေးရောဂါရှင်လူနာနှစ်ဦးအား ကြည့်ရှုအားပေး၍ အာဟာရပြည့်အစားအစာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။

ဆက်လက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Center ၌ ရန်ကုန်မြို့ရှိ ဗဟိုအဆင့်ဆေးရုံများ၊ ခုတင်(၂၀၀)နှင့်အထက် ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများနှင့် ပါမောက္ခ/အထူးကုဆရာဝန် ကြီးများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက လူနာများစိုက်ထုတ်သုံးစွဲရသော ကုန်ကျစရိတ်လျော့နည်းစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ရန်ပုံငွေကိုအသုံးပြု၍ မရှိမဖြစ်လိုအပ်သော အရည်အသွေးကောင်းမွန်သည့် ဆေးနှင့်ဆေးပစ္စည်းများကို ဝယ်ယူထောက်ပံ့ပေးလျက်ရှိသည့်အတွက် အခြေခံမရှိမဖြစ်ဆေးဝါးများ၊ အရေးပေါ်ဆေးဝါးများ၊ ခွဲစိတ်ခန်းသုံးဆေးနှင့် ဆေးပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးဆေးပစ္စည်းများကို ပြတ်လပ်မှုမရှိစေရန် စနစ်တကျစီမံခန့်ခွဲပေးကြရန်လိုပါကြောင်း၊ အရေးပေါ်ကုသမှုများ၊ ခွဲစိတ်ကုသမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများအတွက် ငွေကြေးကုန်ကျမှုမရှိစေရေး စီမံဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ သဘာဝဘေး အန္တရာယ်နှင့် လူအများအစုလိုက်၊ အပြုံလိုက်ကုသမှု ဆောင်ရွက်ပေးနိုင်ရေးအတွက် Mass Casualty Management Plan များကို ဆေးရုံအလိုက်ရေးဆွဲထားရှိရန် လိုအပ်ပြီး ဇာတ်တိုက်လေ့ကျင့်မှု(Drill) ကိုလည်း ဆေးရုံအလိုက် သေချာစွာဆောင်ရွက်ထားကြရန်ဖြစ်ပါကြောင်း၊ ကုသရေးလုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်အောင် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း မှာကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)