ပဲခူးတိုင်းဒေသကြီး အဆောက်အဦများပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး အဆောက်အဦများပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ





ပဲခူး၊ မေ ၁၅

 ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ မေလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ငလျင်ဘေးဒဏ်သင့် အဆောက်အဦများ ကွင်းဆင်းစိစစ်နိုင်ရေး ပဲခူးတိုင်းဒေသကြီးအဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိင်းအစည်းအဝေး (၂/၂၀၂၅) ကျင်းပပြုလုပ်သည်။

 ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း လူသေဆုံးမှုနှင့် လမ်း/ တံတားအပါဝင် အဆောက်အဦများလည်း ထိခိုက်မှုရှိခဲ့ကြောင်း၊ ငလျင်ဖြစ်ပွားပြီး နောက်တစ်ရက်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံးကောင်းမွန်စေရေး ကွင်းဆင်းစိစစ်၍ ရက်ပိုင်းအတွင်း အမြန်ဆုံးပြုပြင်ပေးနိုင်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် ပုဂ္ဂလိကပိုင် အဆောက်အဦများသည် ၎င်းတို့နီးစပ်ရာ အင်ဂျင်နီယာမဟုတ်သောသူများနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ နံရံပြိုကျခြင်း၊ ခေါင်မိုးပြိုကျခြင်းများကြောင့် လူသေဆုံးရခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျ၊ ပျက်စီး၊ ထိခိုက်ခဲ့သည့် အဆောက်အဦများအား အချိန်နှင့်တစ်ပြေးညီ စစ်ဆေးခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်းနှင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ စနစ်တကျ တွက်ချက်ထားပြီးဖြစ်၍ ယခုအခါ အဆိုပါနေရာများသို့ ကွင်းဆင်းစိစစ်ဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်စေမှာဖြစ်ကြောင်းနှင့် တောင်ငူခရိုင်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများအား ကွင်းဆင်းစိစစ်ရာတွင် လိုအပ်ချက် မရှိစေရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

 ထိုနောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေက ပဲခူးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ် ကြောင့် ထိခိုက်၊ ပျက်စီးခဲ့သည့် လမ်း/တံတား၊ အဆောက်အဦများအား ကွင်းဆင်းစိစစ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် စာရင်းဇယားပြုစုခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ၊ ဦးခင်မောင်ဌေးက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် အနေဖြင့် မြေငလျင်ဒဏ်သင့်ဒေသများသို့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးဆောင်ရွက်မှု၊ ဒေသတွင်း အင်ဂျင်နီယာများအား အသိပညာပေးခြင်းဆိုင်ရာ ဆောင်ရွက်နေမှုနှင့် ကွင်းဆင်းစစ်ဆေးခြင်းပိုင်း လုပ်ငန်းဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ဝင်းမိုမိုလွင်က ပဲခူးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်သင့် အဆောက်အဦများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ 

၎င်းနောက် ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ခရိုင်/မြိုနယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီများမှ ဌာနဆိုင်ရာအင်ဂျင်နီယာများက ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးဒဏ်သင့် အဆောက်အဦများအား ကွင်းဆင်းစစ်ဆေးပေးသည့်အပေါ် အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်းနှင့် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း တောင်ငူခရိုင်၌ ရုံးအဆောက်အဦ၊ ဝန်ထမ်းအိမ်ရာ၊ အထူးအဆောက်အဦနှင့် ကျောင်းအဆောက်အဦ အပြာရောင်အဆင့် (၆၉၂)ခု၊ လိမ္မော်ရောင်အဆင့်(၆၃)ခု၊ အနီအရောင်အဆင့်(၈၄)ခုရှိပြီး မေလ(၁၅)ရက် နေ့မှစ၍ အင်ဂျင်နီယာအသင်းချုပ်မှ အဖွဲ့ဝင်(၁၆)ဦးဖြင့် အဖွဲ့(၄)ဖွဲခွဲ၍ အနီရောင်အဆင့် အဆောက်အဦ (၈၄)လုံးအား ဦးစားပေး ကွင်းဆင်းစိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)