ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်





နေပြည်တော်၊ မေ ၈

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/ အဖွဲ့ များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိသစ္စာစေတီ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက် အအုံများကိုလည်းကောင်း၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော ကျောင်းဆောင်များကို လည်းကောင်း၊ ပါရမီရပ်ကွက်ရှိ လူနေအဆောက်အအုံများကို စက်ယန္တာရားကြီးဖြင့် ဖယ်ရှားရှင်းလင်းနေမှုကိုလည်းကောင်း၊ နန်းဦးမြို့သစ်ရှိ မရှိခဏစေတီ၊ စီတီးရပ်ကွက်ရှိရာဇာမဏိစူဠာ ကောင်းမူတော်စေတီတို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးနေသော သာသနိကအဆောက်အဦများကိုလည်းကောင်း၊ ကျောက်ဆစ်ရပ်ကွက်ရှိ နည်ပညာ တက္ကသိုလ်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော ကျောင်းဆောင် အဆောက် အအုံများကိုလည်းကောင်း ရှင်းလင်းဖယ်ရှားနေမှုအခြေ အနေများအား သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့သို့ရောက်ရှိလာသော ထိုင်းဘုရင့်တပ်မတော် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General UKRIS BOOΝΤΑΝONDHA နှင့်အတူ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ်(၂၇)အခြေခံပညာအထက် တန်းကျောင်း အောင်တံခွန်ခန်းမ၌ ကျင်းပပြုလုပ်သော ထိုင်းတပ်မတော် အင်ဂျင်နီယာ အဖွဲ့က ငလျင်ဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ သို့ တက်ရောက်သည်။

ဦးစွာ ထိုင်းဘုရင့်တပ်မတော် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General UKRIS BOONTANONDHA၊ ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် အဖွဲ့သည် အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာနရုမော် ဦးစီး၍ ငလျင်ဘေးသင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

ယင်းနောက် ထိုင်းဘုရင့်တပ်မတော် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့မှ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်း သောထောက်ပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းပြီး စုပေါင်းဓာတ်ပုံရိုက်ကူးသည်။

၎င်းနောက် ထိုင်းဘုရင့်တပ်မတော် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General UKRIS BOONTANONDHA ၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် အဖွဲ့သည် ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့က ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးသော ယုဇန (၂)ထပ် စာသင်ဆောင်၊ နှင်းဆီ (၂) ထပ်စာသင်ဆောင်၊ အောင်တံခွန်ခန်းမနှင့် ရေသန့် စက်တို့အား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

ထို့နောက် ပြည်ကြီးတံခွန်မြို့နယ်ရှိ အောင်တံခွန်ဈေးသို့ သွားရောက်၍ ၎င်းဈေး အတွင်း၌ ဖွင့်လှစ်ထားသော ငလျင်ဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းရှိငလျင်ဘေးသင့်ပြည်သူများအတွက် ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့ကလှူဒါန်း သော လူနေတဲ (၆၀)လုံးနှင့် ထောက်ပံပစ္စည်းများအား ပေးအပ်လှူဒါန်းပြီး စုပေါင်း ဓာတ်ပုံ ရိုက်ကူးကြသည်။

၎င်းနောက် ထိုင်းဘုရင့်တပ်မတော် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General UKRISBOONTANONDHA ၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် အဖွဲ့သည် တံတားဦးလေဆိပ်သို့ရောက်ရှိကြပြီး ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းသော ပစ္စည်း(၁၁)မျိုးအား လက်ခံရယူ၍ ဓာတ်ပုံရိုက်ကူးကြကာ ထိုင်းနိုင်ငံသို့ လေကြောင်း ခရီးဖြင့်ပြန်လည်ထွက်ခွာမည့် ထိုင်းဘုရင့်တပ်မတော် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General UKRISBOONTANONDHA ဦးဆောင်သော အဖွဲ့အား ပို့ဆောင် နှုတ်ဆက်ခဲ့သည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ဆင်တဲတိုက်သစ် ကျောင်းတိုက်၊ အမရပူရမြို့နယ်ရှိ ပုထိုးတော်ကြီးဆုတောင်းပြည့်မြတ်စွာဘုရား ၊ ဆေးအိုးဘိုကျေးရွာရှိ ဓမ္မမဏ္ဍိုင်ကျောင်း၊ ဇဗူထိပ်ပန်ဘုရား များသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့်ပြိုကျ ပျက်စီးခဲ့သည့် အပျက်အစီးများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှု ကူညီရေး အသင်းအဖွဲ့များပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့် ဆောင်ရွက်နေသည်များကို လည်းကောင်း၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ဘုရားစေတီပုထိုး များတွင် ရှေးမူမပျက် ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုအားပေး၍ ဆရာတော်ကြီးများအား အလှူငွေ များပေးအပ်လှူဒါန်းကာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုရားစေတီပုထိုးများမှ အပျက်အစီးများရှင်းလင်းစဉ် ပြန်လည်သိမ်းဆည်း တွေ့ရှိရသော ဌာပနာပစ္စည်း များအား စနစ်တကျထားရှိထိန်းသိမ်းရန်နှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအားမှာကြား၍ လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ်(၃၉) အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများ၊ တပ်မတော်သားများ စုပေါင်း၍ အပျက်အစီးများဖယ်ရှားရှင်းလင်းနေမှုများကိုလည်းကောင်း၊ စာသင်ကျောင်း များတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူ/ကျောင်းသားများ စိတ်အေး ချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို လည်းကောင်း သွားရောက် ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေး အပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ ငှက္ကတောင်ကျေးရွာအုပ်စု၊ ရွာဦးဘုန်းကြီး ကျောင်းတိုက်ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရွာဦးသိမ်စေတီအပျက်အစီး များအား မြို့မိမြို့ဖများ စုပေါင်း၍ ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့မိ၊မြို့ဖများအတွက် အချိုရည်နှင့် ရေသန့်ကဒ်များ ပေးအပ်ခဲ့ကာ တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။

ထို့နောက် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်၊ ဆူးကုန်းကျောင်းတိုက်ရှိဖြိုဖျက်ထားသော အဆောက်အဦများအား တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ မြို့မိမြို့ဖများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများအား သွား ရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီးတာဝန်ရှိသူများနှင့်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

၎င်းနောက် ကျောက်ဆည်မြို့ရှိ UNITY HEART မှ ဦးစီး၍ ငလျင်ဘေးသင့် ပြည်သူများအတွက် ဖွင့်လှစ်ထားရှိသော ဖောင်ရွာရပ်ကွက်ရှိ မေတ္တာကွန်းခိုရာ(၂) ကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ပြည်သူများအား စိတ်လူမှုပိုင်းဆိုင်ရာ ကူညီ ပံ့ပိုးခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကာ ငလျင်ဒဏ်ကြောင့် ပြည်သူများ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်ခံစားခဲ့ရမှုများ ရှိခဲ့သောကြောင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစား နိုင်ရေးအတွက် ယခုလိုဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စိတ်ပညာ ပါမောက္ခချုပ်(အငြိမ်းစား) ဒေါက်တာမြင့်လွင်မှ ငလျင်ဒဏ်သင့်ပြည်သူများအတွက် စိတ်ပိုင်းဆိုင်ရာ ကုထုံးဆွေးနွေးမှုများအား ဟောပြောခြင်း၊ ငလျင်ဒဏ်သင့်ပြည်သူများ ၏ စိတ်ပိုင်းဆိုင်ရာခံစားချက်နှင့်သက်ဆိုင်သော မေးခွန်းများအား ပြန်လည်ဖြေကြား ခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ပေးသည်။

ထို့နောက် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ ခရိုင်လမ်းဦးစီးရိပ်သာ၌ G-12 စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအတွက် အနီးကပ် သင်တန်း လာရောက်သင်ကြားပို့ချပေးခဲ့သော တက္ကသိုလ်ဆရာ/ဆရာမများ အတွက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး သင်ကြားပို့ချပေးခဲ့သော ဆရာ/ဆရာမ (၁၄၃)ဦးအတွက် ဂုဏ်ပြုချီးမြှင့်ငွေ (၇,၁၅၀,၀၀၀)ကျပ်အား ပေးအပ်ခဲ့ပြီး ကျေးဇူးတင် စကားပြောကြားသည်။ ကျောက်ဆည်ခရိုင်အတွင်းရှိမြို့နယ်များ၌ G-12 စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်မည့် ကျောက်ဆည်မြို့နယ်မှ ရှိရင်းကျောင်းသား/သူ(၁၅၀၃)ဦးရှိသည့်အနက် Revision Class တက်ရောက်ပြီး ဝင်ရောက်ဖြေဆိုမည့်ဦးရေမှာ (၁၃၀၉)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် (၈၇.၀၉၃) ရာခိုင်နှုန်းဖြစ်ကြောင်း၊ စဉ့်ကိုင်မြို့နယ်မှ ရှိရင်းကျောင်းသား/သူ(၁၂၅၁)ဦး ရှိသည့်အနက် Revision Class တက်ရောက်ပြီး ဝင်ရောက်ဖြေဆိုမည့်ဦးရေမှာ (၁၂၅၁)ဦး ဖြစ်သည့်အတွက် (၁၀၀)ရာခိုင်နှုန်းအပြည့် ဝင်ရောက်ဖြေဆိုမှာဖြစ်ကြောင်း၊ မြစ်သားမြို့နယ်မှ ကျောင်းသား/သူ ရှိရင်း(၈၅၄)ဦး အနက် Revision Class တက်ရောက်ပြီး ဝင်ရောက် ဖြေဆိုမည့်ဦးရေမှာ (၈၄၁)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် (၉၈.၄၇၈)ရာခိုင်နှုန်းအထိ ပြန်လည်ဖြေဆိုကြမည်ဖြစ်ကြောင်း ကျောက်ဆည်ခရိုင်အတွင်း ပြန်လည်ဖြေဆိုရမည့် ကျောင်းသား /သူ(၃၆၀၈)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူ အရေအတွက်မှာ (၃၄၀၁)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် (၉၄.၂၆၃)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြမှာဖြစ်ပြီး တက်ရောက်ရန် ကျန်ရှိသော ကျောင်းသား/သူ(၂၀၇)ဦး ရာခိုင်နှုန်းအားဖြင့် (၅.၇၄) ရာခိုင်နှုန်းဖြစ်ပြီး . ကျန်ရှိသည့် အဝေးရောက် ကျောင်းသား/သူများအားလည်း စာမေးပွဲ ပြန်လည်ဖြေဆို နိုင်ရေးအတွက် ချိတ်ဆက် ကူညီဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။

၎င်းနောက်ကျောက်ဆည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ Modular House (၂)လုံး တပ်ဆင်ပြီးစီး၍ ယာယီရုံးဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၌ Modular House(၅)လုံး တည်ဆောက်လျက် ရှိသည့်အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သောက်သုံးရေ၊ ရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျ ပြုလုပ်ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများမှ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထို့နောက် ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် ပျက်စီးသွားသောအဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် လိုအပ် လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူး ဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်သို့ တိုက်ရိုက် ဆက်လက်ရောင်းချပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့မိမြို့ဖများမှ တင်ပြချက်များ အပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

၎င်းနောက် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ ခရိုင်လမ်းဦးစီးရိပ်သာ၌ ကျောက်ဆည်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်ခဲ့ပြီး ကျောက်သေတ္တာစေတီ ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်မည့် အခြေအနေများ၊ ဖောင်ရွာကွင်း၌ ယာယီဈေး တည်ဆောက်နိုင်ရေးစီမံဆောင်ရွက် လျက်ရှိမှု အခြေအနေများ၊ ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူး ဈေးနှုန်းဖြင့် ပြည်သူများ လက်ဝယ်သို့ ရောင်းချပေးနေမှုအခြေအနေ များ၊ Modular House များ တည်ဆောက်ပြီးစီးမှုနှင့် တည်ဆောက်နေမှုအခြေအနေ များ၊ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြို့သန့်ရှင်း သာယာလှပရေးအတွက် အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းထိန်းသိမ်းဆောင်ရွက်နိုင်ရေးတို့အား သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများမှ အတူတကွ ဝိုင်းဝန်းကြိုးစားအကောင် အထည်ဖော်ဆောင်ရွက်သွားရမည့်သူများ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဌာနအသီးသီးမှ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)