အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ် ပါဝင်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား (၈၂)ဦး ထပ်မံလွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ် ပါဝင်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား (၈၂)ဦး ထပ်မံလွှဲပြောင်းပေးအပ်


နေပြည်တော်၊ မေ ၈

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်း များကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြတ်ပြတ် သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးလျက်ရှိသည်။

ထိုသို့ လွှဲပြောင်းပေးလျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှု များနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား(၈၂)ဦးကို လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့တွင် ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့သည်။

အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့ စေ ရေးအတွက် ကရင်ပြည်နယ်၊ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်များတွင် လိုအပ်သည့် အထောက်အထား၊ စာရင်းဇယားအချက်အလက်များ မှန်ကန် ပြည့်စုံကိုက်ညီမှုရှိရေးတို့ကို မှာကြားသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ အီသီယိုးပီးယားဖယ်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသံရုံးမှ Second Secretary Mr. Wendwosen Melkamu နှင့်တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မေလ ၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၅၉ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၇၇၉၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၂၆၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)