ဒုတိယဝန်ကြီး ဦးမြင့်စိုး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



နေပြည်တော်၊ မေ ၁၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့နယ်ကျုံး (စံပြ) ကျေးရွာသို့သွားရောက်ပြီး ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သည့် အပ်ချုပ်နည်းသင်တန်းကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးက ယခုသင်တန်းမှ ထူးချွန်သူများကို မန္တလေးမြို့ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတွင်ဖွင့်လှစ်သော ဖက်ရှင်နှင့်ဒီဇိုင်းခြောက်လသင်တန်းသို့ ချိတ်ဆက် တက်ရောက်နိုင်ရေး ညှိနှိုင်းဆောင် ရွက်ပေးရန်မှာကြားပြီး သင်တန်းသူများ ချုပ်လုပ်ထားသော လက်ရာများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပင်းတယမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သော ကျုံးကျေးရွာအုပ်စုပေါစံသီး ကျေးရွာမှမွေးမြူရေးဇုန်သို့ ဆက်သွယ်သောလမ်းအရှည် ၇ ဒသမ ၆ ဖာလုံကျောက်ချော ခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ ၁၀ ပေ သံကူကွန်ကရစ် တံတားတည်ဆောက်ပြီးစီးမှုကိုလည်းကောင်း၊ ပေါစံသီးကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေဂါလန် ၂၀၀၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း၊ ပေ ၅၁၀ စက်ရေတွင်း တူးဖော်ပေးခြင်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာဘက်စုံသုံးခန်းမ၌ ကျေးရွာသူကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး အထွက်တိုးရုရှားနေကြာမျိုးများဖြစ်သော မာဟွမ်း (Mahaon)၊ ဂျူလီယာ (Julia)၊ ဆဗျက်တလာနာ (Svetalana) သုံးမျိုးကို တစ်မျိုးလျှင် ငါးဧကစီလာမည့် ဆောင်းရာသီတွင် စမ်းသပ်စိုက်ပျိုးနိုင်ရေး ညှိနှိုင်းဆွေးနွေးသည်။

ဆက်လက်၍ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက မွေးမြူရေးဇုန် ၃၅၇ ဧက ဆောင်ရွက်နေမှုအခြေအနေ၊ ၃၀ မဂ္ဂါဝပ် ဆိုလာစနစ် မီးလင်းရေးဆောင်ရွက်နေမှုအခြေအနေနှင့် ဒေသတည်ငြိမ်အေးချမ်း ရေးဆိုင်ရာများ ရှင်းလင်းပြောကြားပြီး ကျေးရွာသူကျေးရွာသားများ၏ ဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့နယ် တောင်လေးလုံး ကျေးရွာအုပ်စု ကျောက်တဲကျေးရွာသို့သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေ၊ ယူနီဆက်ထောက်ပံ့ငွေတို့ဖြင့် ကျေးရွာသောက်သုံးရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်တန်းပြီး ရေစစ်ကန်၊ ရေဂါလန် ၁၀၀၀၀ ဆံ့ ရေစုကန်နှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းများ သွယ်တန်းထား မှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ၍ ဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)