ဗိုလ်ချုပ်ကြီးတင်အောင်စန်း မိတ္ထီလာခရိုင်အတွင်းရှိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အသစ်တည်ဆောက်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံစီမံကိန်းများ သွားရောက်ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗိုလ်ချုပ်ကြီးတင်အောင်စန်း မိတ္ထီလာခရိုင်အတွင်းရှိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အသစ်တည်ဆောက်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံစီမံကိန်းများ သွားရောက်ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်း နှင့် အဖွဲ့ဝင်များသည် ယမန်နေ့က မိတ္ထီလာခရိုင်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများသို့ သွားရောက်ပြီး မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှု၊ ပြန်လည်ပြုပြင်၍ ဓာတ်အားထုတ်လွှတ်ပေးနေမှုနှင့် အသစ်တည်ဆောက်လျက်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် တာဝန်ရှိသူများနှင့်အတူ သာစည်မြို့နယ်ရှိ Great Success Energy Co., Ltd ၏ သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ဓာတ်အားပေးစက်ရုံရှိ ရှင်းလင်းဆောင်တွင် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများက သာစည် (၃၀) မဂ္ဂါဝပ်၊ သပြေဝ (၃၀) မဂ္ဂါဝပ်၊ သပြေဝ - ၃ (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ထုတ်လုပ်မှုဆိုင်ရာအခြေအနေများ၊ ငလျင်ဘေးဒဏ်ကြောင့် စက်ရုံများရှိ ဆိုလာချပ်များ၊ Pile Cap Foundation များ၊ ဆက်သွယ်ထားသောကြိုးများနှင့် ဆက်စပ်ပစ္စည်း များ ထိခိုက်ပျက်စီးခဲ့မှု၊ လက်ရှိအချိန်ထိ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု၊ ပြင်ဆင်ရန် ကျန်ရှိသည့် အခြေအနေများ၊ အမျိုးသားလျှပ်စစ်ကွန်ရက် (National Grid) နှင့် ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ အသစ်တည်ဆောက်လျက်ရှိသော သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများနှင့်ပတ်သက်သည့် အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးချုပ်က ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပြုပြင်ရန်ကျန်ရှိသည်များကို အမြန်ဆုံးပြီးစီး အောင်ဆောင်ရွက်ကြရန်၊ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်အတွက် လည်း ကြိုတင်မြော်တွေး၍ လိုအပ်နိုင်သည့် အရန်ပစ္စည်းများကို ကြိုတင်ထားရှိကြရန်၊ အသစ် တည်ဆောက်လျက်ရှိသော စီမံ ကိန်းများကိုလည်း သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက် ကြရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် စက်ရုံဝင်းအတွင်း ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့မှုအခြေအနေများ၊ ဓာတ်အား ထုတ်လုပ်မှု ထိန်းညှိခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေမှုအခြေအနေများနှင့် အသစ်တည်ဆောက်လျက်ရှိသည့် သာစည် (၄၀) မဂ္ဂါဝပ် စီမံကိန်းတိုးချဲ့တည်ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Natural Solar Power Co., Ltd ၏ သပြေဝ-၃(၃၀) မဂ္ဂါဝပ်နှင့် သပြေဝ (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများသို့ သွားရောက်၍ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့မှုအခြေအနေများ၊ လျှပ်စစ်ဓာတ်အား ပြန်လည်ထုတ်လုပ်ပေးနေမှုအခြေအနေများနှင့် အသစ်တည်ဆောက်လျက်ရှိသည့် သပြေဝ (၄၀) မဂ္ဂါဝပ် စီမံကိန်းလုပ်ငန်းခွင်အတွင်း Solar Panel များ တပ်ဆင်နိုင်ရန် တိုးချဲ့တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

မတ် ၂၈ ရက်က ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် သာစည် (၃၀) မဂ္ဂါဝပ်၊ သပြေဝ (၃၀) မဂ္ဂါဝပ်၊ သပြေဝ - ၃ (၃၀) မဂ္ဂါဝပ် နေရောင် ခြည် စွမ်းအင်သုံးဓာတ်အားပေး စက်ရုံ (၃) ရုံတို့တွင် ထိခိုက်ပျက်စီး မှုများ ဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလျော့နည်း ခဲ့သဖြင့် လျှပ်စစ်ဓာတ်အားပုံမှန်ထုတ်လုပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ၈၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ပြန်လည်ထုတ်လုပ်၍ အမျိုးသားဓာတ်အားကွန်ရက် (National Grid)အတွင်းသို့ ပို့လွှတ်လျက်ရှိကြောင်းနှင့် ပြုပြင်ရန်ကျန်ရှိသည့် လုပ်ငန်းများကိုလည်း အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်လျက်ရှိပြီး ရာနှုန်းပြည့်ပြန်လည် ထုတ်လွှတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)