တောင်ကြီး ၊ မေ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ပြည်နယ်အဆင့်ကင်းထောက်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက သစ်တောရပ်ကွက်၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုခဲ့ပြီး ကင်းထောက်သင်တန်းသား/သင်တန်းသူများက “ပြည်သူအတွက်အစဉ်အသင့်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၊ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအနေဖြင့် နိုင်ငံတော်၏အနာဂတ်အတွက် လူငယ်များကို အရေးပါသည့် အရင်းအမြစ်များအဖြစ်သတ်မှတ်ပြီး လူငယ်များ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်မူဝါဒ အဓိကကဏ္ဍ (၁၆)ရပ်ကို ထိရောက်စွာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ယခုနှစ်နွေရာသီရက်ရှည်ကျောင်းပိတ်ရက်ကာလများတွင် ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် အားလပ်ချိန်ကို တန်ဖိုးရှိစွာအသုံးချနိုင်ရေးအတွက် ကင်းထောက်လူငယ်သင်တန်းများအပါအဝင် လူငယ်များအကျိုးရှိစေမည့် နွေရာသီအားကစားလေ့ကျင့်ရေးသင်တန်းများအပြင် လူငယ်များ၏ ကဏ္ဍစုံမြှင့်တင်ရေးသင်တန်းတွေ လှုပ်ရှားမှုတွေကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်းသည် လူငယ်တွေအနေဖြင့် တာဝန်သိသည့် နိုင်ငံသားကောင်းများဖြစ်လာစေရန်အတွက် ပုံသွင်းဖန်တီးရာမှာ လူငယ်လူရွယ်တွေ၏ ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တများကောင်းမွန်လာအောင် ပြုပြင်ပေးပြီး စိန်ခေါ်မှုများကို ရဲရဲဝင့်ဝင့်ကျော်လွှားနိုင်ရဲသည့် မိမိကိုယ်မိမိအားကိုးယုံကြည်မှု၊ မိမိတို့၏အမိနိုင်ငံတော်အပေါ်မှာ သစ္စာရှိပြီး နိုင်ငံတော်က အားထားရသည့် လူငယ်တွေအဖြစ် အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန် အကြီးအကဲများ၏ အမိန့်နှင့် သွန်သင်မှုများကို ရိုသေစွာလိုက်နာတတ်သည့် အလေ့အထတွေရရှိလာစေရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူခဲ့သည်။ ယင်းနောက် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကင်းထောက်သင်တန်းအတွက် ထောက်ပံ့သည့် အလှူငွေ ၃၂၃၆၇၀၀၀(ကျပ် သုံးရာနှစ်ဆယ့်သုံးသိန်းခြောက်သောင်းခုနစ်ထောင် တိတိ)အား ပေးအပ်ခဲ့သည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးက ကင်းထောက်လည်စီးများကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ကင်းထောက်လက်စွဲစာအုပ်များကိုလည်းကောင်း ပေးအပ်ခဲ့သည်။ ကင်းထောက်သင်တန်းသား/သင်တန်းသူများက “ကင်းထောက်လူငယ်များရဲ့ရှေ့သို့ခြေလှမ်း” သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)
https://t.me/MyanmarNationalPost
No comments:
Post a Comment