ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ကိုးခု ခွင့်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ကိုးခု ခွင့်ပြု


နေပြည်တော်၊ မေ ၁၇

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိရုံးအမှတ်(၅) အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲ လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်သုံးခုနှင့် စက်မှုကဏ္ဍမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ခြောက်ခုတို့ကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၇၇၈ သန်းနှင့် ငွေကျပ်သန်း ၃၀၂၀၆ ဒသမ ၉၂၀ ဖြစ်ကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ပေါင်း ၉၇၁ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ယနေ့ခွင့်ပြုပေးသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဆိုလာနှင့်ဆက်စပ် ပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းများ၊ လျှပ်စစ်သွယ်တန်းခြင်းနှင့် ဆက်စပ်သည့် လုပ်ငန်းများ၊ အရန်သင့်အစားအစာများ ပြင်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ သံနှင့်သံမဏိအခြေခံပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အခြားလုပ်ငန်းများလည်း ပါဝင်သည်။

၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၃၄ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံ မှု၏ ၂၄ ဒသမ ၆၉ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၉ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များကို စိစစ်ခွင့်ပြုခြင်းနှင့် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)