ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ၂၀၂၆ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများဖွင့်လှစ်ရန် ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့(၁/၂၀၂၅) အစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ၂၀၂၆ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများဖွင့်လှစ်ရန် ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့(၁/၂၀၂၅) အစည်းအဝေး ကျင်းပ


နေပြည်တော်၊ မေ ၂၄

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ၂၀၂၆ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများဖွင့်လှစ်ရန် ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ (၁ /၂၀၂၅) အစည်းအဝေးကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဘွဲ့လွန်ဆေးပညာ သင်ကြားရေးအဖွဲ့ဝင်များဖြစ်သော တက္ကသိုလ်များမှ ကိုယ်စားလှယ် ပါမောက္ခ/ဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယနေ့အစည်းအဝေးတွင် ၂၀၂၆ ပညာသင်နှစ်၌ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာသင်တန်းအလိုက် ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များ၊ တက္ကသိုလ်အလိုက် အများဆုံးလက်ခံသင်ကြားပေးနိုင်မည့် လျာထားဦးရေနှင့် လူတွေ့နှုတ်ဖြေအမှတ်ပေး “မူ” သတ်မှတ်ခြင်း ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ပြီး ယနေ့အစည်းအဝေးမှ ထွက်ပေါ်လာသော သဘောတူဆုံးဖြတ်ချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘွဲ့လွန်ဆေးပညာသင်ကြားရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(သင်ကြားရေး)က ၂၀၂၆ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်ခေါ်ယူရေးကိစ္စရပ်များ၊ ဝင်ခွင့်ခေါ်ယူမည့် လုပ်ငန်းအစီအစဉ်နှင့် ဘာသာရပ်အလိုက် လျာထားဦးရေ သတ်မှတ်ရန် ကိစ္စများကို တင်ပြဆွေးနွေးကြသည်။

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ဘွဲ့လွန် သင်တန်းများကို ၁၉၆၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့အထိ ဒီပလိုမာသင်တန်း ၁၈ ခု၊ မဟာသိပ္ပံသင်တန်း ၆၀ နှင့် ပါရဂူဘွဲ့ သင်တန်း ၆၆ ခု စုစုပေါင်း ၁၄၄ ခုတို့ ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်အထိ ဘွဲ့လွန်သင်တန်းများမှ ဒီပလိုမာဘွဲ့ရရှိသူပေါင်း ၃၈၇၃ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိသူပေါင်း ၁၁၄၇၂ ဦးနှင့် ပါရဂူဘွဲ့ ရရှိသူပေါင်း ၁၆၆၃ ဦး စုစုပေါင်း ၁၇၀၀၈ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုဒဏ်ခံစားရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် အထွေထွေအသုံးပြုရန် မြန်မာနိုင်ငံဆေးပညာအဖွဲ့(Internal Medicine Society)မှ ငွေကျပ် သိန်း ၁၀၀ လှူဒါန်းခြင်းကိုလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)