စိတ်ဓာတ်တွေ ပြင်ဖို့လိုပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိတ်ဓာတ်တွေ ပြင်ဖို့လိုပြီ


တိုင်းပြည်တွင်းမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေတယ်။ ကိုယ့်တိုင်းရင်းသားပြည်သူအချင်းချင်း ရန်လိုအမုန်းပွားပြီး သတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတယ်။ အကြမ်းဖက်လှုပ်ရှားမှုကို ပြည်ပနိုင်ငံတွေက ကူညီထောက်ပံ့ပေးနေတယ်။ အကြမ်းဖက်လှုပ်ရှားမှုကို နှိမ်နင်းရန် တာဝန်ရှိသူတွေမှာလည်း တည်ငြိမ်အေးချမ်းရေးကို ရှေးရှုခြင်းမျိုး မဟုတ်ဘဲ အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာလိုတဲ့ လုပ်ရပ်မျိုးတွေ လုပ်ဆောင်နေတာကို တချို့နေရာတွေမှာ တွေ့မြင်နေတယ်။ အကြမ်းဖက်သမားတွေ ရဲ့ အဖျက်အမှောင့် လုပ်ငန်းတွေကို ရင်ဆိုင်နေရသလို သဘာဝဘေးအန္တရာယ်တွေလည်း ဆိုးရွားစွာ ခံစားနေရတယ်။

နိုင်ငံရေးအခြေအနေကို ပြန်သုံးသပ်ကြည့်ရင် မိမိတို့နိုင်ငံအတွင်းမှာလည်း တည်ငြိမ်မှုမရှိသလို ကမ္ဘာ့နိုင်ငံရေးအခြေအနေဟာလည်း မတည်ငြိမ်ဘူး။ ရန်လိုအမုန်းပွားပြီး စစ်ရေးတင်းမာမှုတွေ ဖြစ်နေတယ်။ မြန်မာပြည်တွင်း မတည်ငြိမ်မှု၊ ကမ္ဘာ့နိုင်ငံရေးမတည်ငြိမ်မှုမှာ မုသားအင်ပါယာလို့ ဆိုနိုင်တဲ့ အနောက်အုပ်စုရဲ့ ပယောဂတွေ ပါနေတာကိုတော့ ငြင်းလို့မရဘူး။ မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်လှုပ်ရှားမှု ပြုလုပ်လာတဲ့ NLD ပါတီနဲ့ အပေါင်းအပါများဟာ အနောက်အုပ်စုရဲ့ သြဇာခံတွေပဲဖြစ်တယ်။ အနောက်နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ အကြမ်းဖက်လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြတာပဲ ဖြစ်တယ်။ သူတို့တွေ တိုင်းပြည်ထဲက ထွက်ပြေးတဲ့အခါမှာလည်း အနောက်နိုင်ငံတွေက ခိုလှုံခွင့်ပေးထားတာပဲ ဖြစ်ပါတယ်။ အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်သူအများစုဟာ တတိယနိုင်ငံလို့ ဆိုလေ့ရှိတဲ့ အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျ အစရှိတဲ့ နိုင်ငံများကို ရောက်ရှိသွားကြပါပြီ။ သို့သော်လည်း သူတို့ရဲ့ သြဇာခံ အကြမ်းဖက်သမားများကတော့ အကြမ်းဖက်လုပ်ရပ်တွေကို ဆက်လက် ကျူးလွန်ဆဲပဲ ဖြစ်ပါတယ်။

အခြားသော နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်နေတဲ့ တိုင်းပြည်တွေမှာလည်း အနောက်အုပ်စုရဲ့ စနက်တွေ ပါနေတာကို သတိပြုမိကြပါလိမ့်မယ်။ အထင်ရှားဆုံးကတော့ ရုရှား - ယူကရိန်း ပဋိပက္ခကြီးထွားလာခြင်းဟာလည်း အနောက်အုပ်စုက အဓိကလက်မဲကြီးပါပဲ။

ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ မြန်မာနိုင်ငံရဲ့အခန်းကဏ္ဍမှေးမှိန်အောင် လုပ်တာလည်း အနောက်အုပ်စုပါပဲ။ ၂၀၂၀ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးမှာ NLD ပါတီက မဲလိမ်မဲခိုးမှုတွေ အလွန်အကျူး လုပ်ဆောင်တာကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူလိုက်တဲ့အချိန်မှာ အနောက်အုပ်စုရဲ့ သြဇာခံမီဒီယာတွေက NLD နဲ့ ပူးပေါင်းလှုံ့ဆော်ပြီး အကြမ်းဖက်လှုပ်ရှားမှုကို ပုံဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ဆိုင်မှုတစ်ခုက ရှမ်းပြည်နယ်(မြောက်ပိုင်း) က အကြမ်းဖက်အဖွဲ့ (၃)ဖွဲက တိုက်ခိုက်မှုနဲ့ အစ္စရေး - ဂါဇာ ပဋိပက္ခဟာ တပြိုင်တည်း ဖြစ်ပေါ်လာတယ်လို့ ပြောနိုင်ပါတယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့မှာ ဟားမက်စ်အဖွဲ့က အစ္စရေးဘက်ကို ဝင်ရောက်တိုက်ခိုက်ရာကနေ ပဋိပက္ခ စတင်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့မှာတော့ ရှမ်းပြည်(မြောက်ပိုင်း) က MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့ (၃)ဖွဲ့ က (၁၀၂၇) ဆိုတဲ့ ခေါင်းစဉ်နဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

ဒီနေရာမှာ နှိုင်းယှဉ်ချက်ပေါ့ဗျာ - အစ္စရေးကို ဟားမက်စ်တွေက တိုက်ပြီဆိုတာနဲ့ ကမ္ဘာအရပ်ရပ်က အစ္စရေးလူမျိုးတွေက စစ်မှုထမ်းဖို့ မခေါ်ဘဲနဲ့ စစ်မှုထမ်းဖို့ဆိုပြီး အစ္စရေးကို အရောက်ပြန်ကြတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါတွေက မီဒီယာတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ပါတယ်။ အစ္စရေးနိုင်ငံသားတွေရဲ့ လေးစားအတုယူဖွယ် စိတ်ဓာတ်ကို တွေ့မြင်ရတယ်။ တိုင်းပြည်အတွက်ဆိုရင် အသက်နဲ့ရင်းပြီး ကာကွယ်ဖို့ အသင့်ပဲ ဆိုတဲ့ အနေအထားကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

(စကားချပ် - အစ္စရေးရဲ့ ပြင်းထန်တဲ့ တန်ပြန်ထိုးစစ်ကို ထောက်ခံအားပေးပါတယ်လို့ ပြောလိုခြင်းမဟုတ်ပါဘူး။ အစ္စရေးနိုင်ငံသားတွေရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကို သိမြင်စေလိုခြင်းပဲ ဖြစ်ပါတယ်။)

အခု ကျွန်တော်တို့ တိုင်းပြည်မှာ အစိုးရက လိုအပ်ချက်အရ စစ်မှုထမ်းဥပဒေကို ကျင့်သုံးလာတယ်။ စစ်မှုထမ်းရမယ့် အသက်အရွယ်အပိုင်းအခြား သတ်မှတ်ထားတာလည်း ရှိတယ်။ တချို့က စစ်မှုထမ်းရမှာကို စိုးရိမ်ပြီး တဖက်နိုင်ငံကို တရားမဝင် ထွက်ပြေးတာတွေ ရှိတယ်။ တချို့က စစ်မှုမထမ်းရဖို့ ငွေကြေးနဲ့ လူစားထိုးတာတွေ ရှိတယ်။ ဒီနေရာမှာတော့ ပြည်သူတွေကိုသာ အပြစ်ဖို့လို့ မရပါဘူး။ အစိုးရက တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ပေးထားတဲ့ လူတွေကိုယ်တိုင်က ဒီဥပဒေနဲ့အညီ အလုပ် လုပ်တာမျိုးမဟုတ်ဘဲ ငွေပေးသူကို ချန်လှပ်ထားပြီး ငွေမပေးနိုင်တဲ့သူကို စွဲတာမျိုး၊ စစ်မှုထမ်းခေါ်ဖို့ လူပွဲစားတွေဆီက လူဝယ်တာမျိုးလည်း လုပ်တယ်။ ခရီးသွားကြတဲ့ လူငယ်တွေကို စွဲထားပြီး ငွေနဲ့လာရွေးခိုင်း၊ မရွေးရင် စစ်မှုထမ်းဖို့ ထည့်လိုက်တယ်ဆိုတာမျိုး အောက်တန်းကျတဲ့ လုပ်ရပ်တွေကို တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေကစပြီး လုပ်ကြတယ်။ အစိုးရက တာဝန်ပေးထားတဲ့ လူတွေကမှ ဥပဒေကို လေးစားရကောင်းမှန်း မသိတဲ့အခါကြတော့ ပြည်သူတွေမှာ အကြောက်တရားတွေ လွှမ်းမိုးလာပြီး ဟိုပြေး၊ ဒီပြေး ပြေးရင်းက အကြမ်းဖက်အဖွဲ့ထဲကို ရောက်တဲ့သူရောက်၊ တဖက်နိုင်ကို တရားမဝင်ထွက်သွားရာက အတိဒုက္ခရောက်တဲ့သူကရောက် ဖြစ်ကုန်ကြရတယ်။ 

NLD ကို အားပေးထောက်ခံတဲ့သူတွေမှာလည်း စစ်မှုထမ်းရမှာကို သေမလောက်ကြောက်တဲ့ သဘောမျိုးတွေ မြင်တွေ့ရတယ်။ အနည်းငယ် နှိုင်းယှဉ်ချက်မှာပဲ အစ္စရေးနိုင်ငံသားတွေရဲ့ စိတ်ဓာတ်နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ဓာတ် မိုး နဲ့ မြေ လို ကွာခြားနေတာကို တွေ့ရတယ်။

ဒီငလျင်ဘေးကာလအတွင်း ကျွန်တော်တို့ကလည်း သောက်သုံးရေလိုအပ်တဲ့ နေရာတွေ ကူညီပေးနိုင်သမျှ သောက်သုံးရေရဖို့ လိုက်လံ ကူညီဆောင်ရွက်ပေးတာမျိုး ရှိတယ်။ ရေလိုက်မောင်းပေးရင်း ဆရာတော်ဦးပညာရဲ့ ဒကာတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူကလည်း နိုင်ငံရေးကို စိတ်ဝင်စားသူ စာပေဗဟုသုတလည်း ရှိသူဆိုတော့ အဲဒီအကြောင်းတွေကို နှိုင်းယှဉ်ပြောပြလာတယ်။ အစ္စရေးနိုင်ငံသားတွေရဲ့ လေးစားအတုယူဖွယ် စိတ်ဓာတ်လေးတွေကို ပြောလာတော့ ကိုယ်လည်း ဖတ်ဖူး သမျှ အစ္စရေးနိုင်ငံဖြစ်တည်လာပုံ၊ မော့ဆက်အဖွဲ့လှုပ်ရားမှု စတာတွေကို ပြန်ပြီး ဆွေးနွေးပြောဆိုဖြစ်ပါတယ်။ ဒါကို အကြောင်းပြုပြီး ဆောင်းပါးလေးတော့ ရေးအုံးမယ်လို့ အတွေးပေါ်ခဲ့ပါတယ်။

ဆရာဟိန်းလတ် ဘာသာပြန်ထားတဲ့ အစ္စရေးနိုင်ငံအကြောင်း စာအုပ်တစ်အုပ်မှာ ဖတ်မှတ်ခဲ့ဖူးတာတော့ အစ္စရေးမှာက အစိုးရနဲ့ ပြည်သူ အရမ်းကြီး အလှမ်းကွာတာမျိုး မရှိဘူး။ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်ကို သာမန်ပြည်သူတစ်ဦးက တွေ့ဆုံဆွေးနွေးချင်တယ်ဆိုရင်လည်း ဆွေးနွေးခွင့်ရှိတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပြည်သူတွေဟာ အရမ်းကင်းကွာတယ်။ ပြည်သူ့အသံ၊ ပြည်သူတွေရဲ့ လိုလားချက်၊ ပြည်သူတွေကို အာဏာရှိသူတွေက မလိမ့်တပတ်လုပ်နေတဲ့ အခြေအနေတွေ တင်ပြဖို့ဆိုတာက မလွယ်ဘူး။ တင်ပြသည့်တိုင်အောင်လည်း အလေးဂရုပြုတာမျိုး မရှိဘူး။ 

ဥပမာ ယနေ့ဖြစ်ပေါ်နေတဲ့ မြေယာပြဿနာတွေကိုပဲ ကြည့်တော - ဒလမြို့နယ်မှာ မြေယာတွေကို ဂရံလျှောက်ထားရယူနေတဲ့သူတွေက အုပ်စုဖွဲ့ပြီး လိုက်လုပ်နေတယ်။ အဲဒါကို ဂရန်ထုတ်ပေးနေတာက ရန်ကုန်မြို့တော်စည်ပင် မြေယာဌာန က ထုတ်ပေးနေခြင်းဖြစ်တယ်။ တစ်မှု၊ နှစ်မှုမဟုတ်ဘူး။ အမှုပေါင်းများစွာ ဖြစ်နေပြီ။ နစ်နာသူ ပြည်သူတွေက တိုင်ကြားလာပြီဆိုရင် အလေးဂရုပြုပြီး စစ်ဆေးဆောင်ရွက်ရမယ်။ မမှန်မကန် လာဘ်ပေး လာဘ်ယူလုပ်ပြီး ထုတ်ပေးနေတာဆိုရင် အများပြည်သူကို ချပြပြီး အရေးယူမှုအပိုင်းကိုလည်း လုပ်ဆောင်ရမယ်။ 

အဲဒီလို ဆောင်ရွက်ဖို့ အရမ်းကြန့်ကြာတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်ကစပြီး ယနေ့အချိန်အထိ မြေယာပြဿနာတွေနဲ့ ပတ်သက်လို့ တင်ပြနေတာတွေ၊ တိုင်ကြားနေတာတွေ ရှိတယ်။ အောက်ခြေမှာ အလွဲသုံးစားလုပ်နေသူတွေကို စနစ်တကျ မကြပ်မက်ဘူး။ နစ်နာသူတွေ ကို ကုစားမပေးဘူး။ အစိုးရက ပြည်သူနဲ့ ကင်းကွာပြီး သိပ်ကို ကိန်းခမ်းကြီးတဲ့ အခြေအနေမျိုးဖြစ်လာတယ်။ ရလာဒ်က ဘာလဲဆိုရင် အစိုးရကို ပြည်သူက မုန်းတီးလာတာပဲ အဖတ်တင်ကျန်ခဲ့ပါတယ်။ 

အခု ကမ္ဘာပေါ်မှာ လျှပ်စစ်ကားတွေ ခေတ်စားလာတယ်။ အဲဒါကို စခဲ့တာလည်း အစ္စရေးနိုင်ငံကပဲ ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံသား တစ်ယောက်ရဲ့ အတွေးလို့ ပြောရင်လည်း မမှားဘူး။ အစ္စရေးနိုင်ငံဟာ ရေနံသူဌေး အာရပ်နိုင်ငံများကြားမှာ ရှိနေတယ်။ လောင်စာစီအတွက် အာရပ်နိုင်ငံတွေကို ငွေပေးနေရတယ်။ အဲဒီလိုမျိုး ပေးနေရတာကို လျှော့ချနိုင်ဖို့ လျှပ်စစ်ကားတွေ ထုတ်လုပ်ပြီး အသုံးပြုသင့်တယ်ဆိုတာကို ဝန်ကြီးထံ တင်ပြတယ်။ ဝန်ကြီးချုပ်ကလည်း အဲဒါကို လက်ခံပြီး နိုင်ငံတကာက ကားကုမ္ပဏီရဲ့ အကြီးအကဲတွေကို ခေါ်ယူတွေ့ဆုံပြီး လျှပ်စစ်ကားတွေ ထုတ်ပေးနိုင်မလား ဆွေးနွေးတယ်။ စမ်းသပ်ထုတ်လုပ်မှုတွေလည်း လုပ်ခဲ့တယ်။ အဲဒီတုန်းက တွင်တွင်ကျယ်ကျယ် အသုံးပြုဖို့လောက်အထိ မအောင်မြင်ခဲ့ဘူး။

လက်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေကိုပဲ ထောက်ရှုကြည့်မယ်ဆိုရင် ဟားမက်စ် စစ်သွေးကြွတွေက အစ္စရေးနိုင်ငံထဲ ကျူးကျော်ဝင်ရောက်ပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်သွားတယ်။ အစ္စရေးနိုင်ငံသားများ အပါအဝင် ကမ္ဘာလှည့် ခရီးသွားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်။ ဟားမက်စ်အဖွဲ့က ဖမ်းဆီးသွားတာ အစ္စရေးနိုင်ငံသာ (၄၀၀)ဝန်းကျင်ပဲ။ အဲဒီ လုပ်ရပ်အတွက် အစ္စရေးက ဟားမက်စ် ပစ်မှတ်တွေကို နှိမ်နင်းရောမှာ သောင်းနဲ့ချီတဲ့ သေဆုံးမှုတွေ ဖြစ်ခဲ့တယ်။ အစိုးရအနေ အဲဒီလို ပြင်းပြင်းထန်ထန် မတုန့်ပြန်ရင် အစ္စရေး ပြည်သူတွေက လက်ခံမှာ မဟုတ်ဘူး။ ကြားကာလမှာ ဓားစာခံလဲလှယ်ရေးဆိုပြီး ခဏတာ အပစ်ရပ်လိုက်တာ ရှိတယ်။ ဟားမက်စ် လက်ထဲမှာ အစ္စရေးနိုင်ငံသား ဓားစာခံ ၂၀၀ ဝန်းကျင်ခန့် ကျန်နေသေးတယ်။ အဲဒါကို ပြည်သူတွေက ရအောင်ဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြတယ်။

နောက်တစ်ချက် အစ္စရေးက ဟားမက်စ် ပစ်မှတ်တွေကို နှိမ်နင်းရာမှာ ဂါဇာကမ်းမြှောင်ဘက်ကိုသာ မဟုတ်ဘဲ ဟားမက်စ်ခိုအောင်းရာ တခြားနိုင်ငံတွေကိုပါ တိုက်ခိုက်ခဲ့တာကိုလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ထောက်လှမ်းရေးစွမ်းအား၊ နှိမ်နင်းဆောင်ရွက်နိုင်တဲ့ စစ်ရေးစွမ်းအား ကြိုတင်ပြင်ဆင်မှု အားကောင်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အခုဆိုရင် ဆီးရီးယားနိုင်ငံတွင်း မငြိမ်မသက်ဖြစ်နေမှုကို အခွင့်ကောင်းယူပြီး အစ္စရေးက ဆီးရီးယားနယ်မြေတချို့ကိုတောင် ဝင်ရောက်စိုးမိုးထားတဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။

ကျွန်တော်တို့ မြန်မာပြည်မှာတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေကလည်း တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာလိုတယ်။ ဥပဒေကို အလေးထားဆောင်ရွက်ရမယ့် တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေက ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ ပြည်သူလူထုကို ဒုက္ခပေးလာတယ်။ ပြည်သူများမှာလည်း တိုင်းချစ် ပြည်ချစ်စိတ် ပျောက်ဆုံးပြီး ပြည်ဖျက်မိစ္ဆာ အမျိုးယုတ်တွေရဲ့ စကားတွေကို နားယောင်လာကြတယ်။ နောက်ဆုံးတော့ တိုင်းဖျက် ပြည်ဖျက် အကြမ်းဖက်သမားတွေ ဖြစ်ကုန်တယ်။

တိုင်းပြည်ဟာ အဘက်ဘက်က ယိုယွင်းနေတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကို ပြုပြင်တည့်မတ်ဖို့ ဆိုရင်တော့ ပြည်သူများကိုသာ အပြစ်ဖို့နေလို့ မရပါဘူး။ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေက အစပြုပြီး ပြည်သူတစ်ရပ်လုံးက စိတ်ဓာတ်လေးတွေကို ပြုပြင်ပြီး တိုင်းချစ် ပြည်ချစ်စိတ် မွေးကြဖို့ တိုက်တွန်းလိုခြင်း ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)