ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်၊ ဆေးသမားကြီး(IDP)စခန်း မီးလောင်ပြင်အား ရှင်းလင်းနေမှုကြည့်ရှုစစ်ဆေး၊ မီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ ထောက်ပံ့ပစ္စည်းပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်၊ ဆေးသမားကြီး(IDP)စခန်း မီးလောင်ပြင်အား ရှင်းလင်းနေမှုကြည့်ရှုစစ်ဆေး၊ မီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ ထောက်ပံ့ပစ္စည်းပေးအပ်




စစ်တွေ  ၊ မေ ၃


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှအဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့နယ်၊ ဆေးသမားကြီး (IDP) စခန်း မီးလောင်ပြင်အားရှင်းလင်းနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး  မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်း ပေးအပ်ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးသမားကြီး(IDP) စခန်း မီးလောင်ပြင်အား နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ညှိနှိုင်း ပေါင်းစပ်ပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးဘေးသင့်ပြည်သူများအား ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ကြည်လွင် ဦးဆောင်ပြီး ဆရာဝန်၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးသမားကြီး(IDP) စခန်းမှ မီးဘေးသင့် ပြည်သူများအား စခန်းတာဝန်ခံရုံး၌တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခင်မီးဘေး ဖြစ်စဉ်များတွင် လည်း နွေရာသီကာလဖြစ်သည့်အတွက် မီးဘေးအန္တရာယ်သတိပြု ဆောင်ရွက်ကြရန်၊ IDP စခန်းများတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းပြီး မီးဘေးကြိုတင် ကာကွယ်ရေးအတွက် လိုအပ်သောပစ္စည်းများအား စီစဉ်ဆောင်ရွက်ထားကြရန် မှာကြားထားပြီး ဖြစ်ကြောင်း၊ ဆေးသမားကြီး(IDP) စခန်းသည် ယခင်က စည်းကမ်းတကျနေထိုင်သော စခန်းတစ်ခု ဖြစ်ကြောင်း၊ ယခုအချိန်သည် တစ်ဦးနှင့်တစ်ဦးစည်းစည်းလုံးလုံး နေထိုင်ကြရမည့် အချိန်ဖြစ်ကြောင်း၊ မီးဘေးဖြစ်ပေါ်လာလျင်လည်း အစိုးရအဖွဲ့၊ တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အားလုံးဝိုင်းဝန်းပူးပေါင်းပြီး ညီညီညွတ်ညွတ်နေထိုင်ကြရန်နှင့် စခန်းသန့်ရှင်းသာယာရေး၊ မီးဘေးလုံခြုံရေးတို့အတွက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် မီးဘေးသင့်ပြည်သူများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ လိုအပ်သည်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တွေ့ဆုံအားပေးစကားပြောကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် တစ်ရက်စာထမင်းဖိုး (၁၀,၀၈၀,၀၀၀)၊ ဆန်ရိက္ခာဖိုး( ၆,၃၀၀,၀၀၀)၊ ခေါက်ဆွဲခြောက်များ၊ မီးဘေးသင့်အိမ်ထောင်စုများအတွက် မိုးကာတဲများ၊ မိသားစုသုံး ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါပုံးများအား ထောက်ပံ့ပေးအပ်ကြရာမီးဘေးသင့်ပြည်သူများက လက်ခံရယူကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးဘေးသင့်ပြည်သူများအတွက် ယာယီ မိုးကာတဲများ ဆောက်လုပ်နေရာချထားမည့် နေရာအားသွားရောက်ကြည့်ရှု စစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးကာတဲများစနစ်တကျ ဆောက်လုပ်ပေးပြီး နေရာချထားကြရန်၊ မီးဘေးသင့်ပြည်သူများအတွက် သန့်ရှင်းသော ရေရရှိရေး၊ ယင်လုံအိမ်သာများအသုံးပြုနိုင်ရေး၊ စနစ်တကျချက်ပြုတ်စားသောက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကိုမှာ ကြားခဲ့သည်။


စစ်တွေမြို့နယ်၊ ဆေးသမားကြီး (IDP) စခန်းတွင် မေလ ၂ ရက်နေ့နံနက် ၄ နာရီ  ၁၅ မိနစ်တွင် မီးလောင်မှုဖြစ်ပွားရာ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ တပ်မတော်အရာရှိကြီးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၃) စီး၊ တပ်မတော်မှရေသယ်ယာဉ် (၁) စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်ကျွမ်း မှုကြောင့် ဆေးသမားကြီး (IDP) စခန်းတွင် အလျား (၁၁၀) ပေ၊ အနံ (၁၁) ပေ၊ သွပ်မိုး၊ထရံကာ၊ ပျဉ်ခင်း၊ အဆောင် (၁၈) ဆောင်၊ အခန်း (၁၈၀) ခန်း မီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့်ပြည်သူများအား နီးစပ်ရာနေရာများတွင် ယာယီနေရာချထားပေးလျက်ရှိကြောင်း သိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)