ဒုတိယဝန်ကြီး ဦးရဲတင့် ကမ္ဘာလုံးဆိုင်ရာမီဒီယာဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးရဲတင့် ကမ္ဘာလုံးဆိုင်ရာမီဒီယာဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး


မွန်ဘိုင်း၊ မေ ၃

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ ဂျေရိုကမ္ဘာ့ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပလျက်ရှိသော ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် ဖျော်ဖြေရေးညီလာခံ (WAVES-2025) ဒုတိယနေ့အစီအစဉ်၏ ကမ္ဘာလုံးဆိုင်ရာမီဒီယာဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် တက်ရောက်ဆွေးနွေးသည်။

အဆိုပါဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံ ပြန်ကြားရေးနှင့် ရုပ်သံလွှင့်ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ Sh. Ashwini Vaishnaw ၊ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဝန်ကြီး Dr S Jaishankar ၊ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ပြန်ကြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မီဒီယာကဏ္ဍဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲများနှင့် မီဒီယာတာဝန်ခံများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြန်ကြားရေးဝန်ကြီးများနှင့် အဖွဲ့အစည်းများမှ အကြီးအကဲများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ကမ္ဘာလုံးဆိုင်ရာမီဒီယာ ဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံ ပြန်ကြားရေးနှင့်ရုပ်သံလွှင့်ဝန်ကြီးဌာန ဝန်ကြီးက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ တီထွင်ဖန်တီးမှု၊ ယဉ်ကျေးမှုဆက်နွှယ်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အတူတကွ လက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်ပရေးရာဝန်ကြီးဌာန ဝန်ကြီးက ယနေ့ခေတ်၏ နည်းပညာသည် လူငယ်များနှင့်အတူ တီထွင်ဖန်တီးနိုင်မှုများအပေါ် လျင်မြန်စွာ တိုးတက်ပြောင်းလဲလာနေသဖြင့် လိုအပ်သည့် စည်းမျဉ်းများဖြင့် စနစ်တကျကိုင်တွယ်ဆောင်ရွက်ကြရမည်ဖြစ်ပြီး အနာဂတ်အတွက် အတူပူးတွဲလျှောက်လှမ်းကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် ဖျော်ဖြေရေးညီလာခံ (WAVES- 2025) ၏ မိတ်ဆက်ဗီဒီယိုကို ပြသ သည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ပြန်ကြားရေးဝန်ကြီးများ၊ ဒုတ်ယဝန်ကြီးများနှင့် အဖွဲ့အစည်းအကြီးအကဲများက ဆွေးနွေးပြောကြား ကြသည်။

ဒုတိယဝန်ကြီး ဦးရဲတင့်က ဆွေးနွေးရာတွင် နည်းပညာများ အပြန်အလှန် မျှဝေဖလှယ်ခြင်းအားဖြင့် နည်းပညာ အားနည်းကွာဟချက်များကို လျှော့ချနိုင်မည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် များစွာ အထောက်အပံ့ဖြစ်စေမည်ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှာ ဆက်ဆံမှုသမိုင်းကောင်းများစွာရှိသည့် မိတ်ဆွေအိမ်နီးချင်းနိုင်ငံများဖြစ်ပြီး မကြာမီက မြန်မာနိုင်ငံတွင် ကျရောက်ခဲ့သည့် ငလျင်သဘာဝဘေးအန္တရာယ်တွင် ရှာဖွေကယ်ဆယ် ရေးအဖွဲ့များ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းတန်ချိန် ၇၅၀ ခန့်တို့ကို ပေးပို့ကူညီခဲ့ခြင်းအတွက် မိမိတို့နိုင်ငံနှင့် ပြည်သူများကိုယ်စား ကျေးဇူးအထူးတင်ရှိ ပါကြောင်း၊ ယခုကျင်းပသည် WAVES 2025 နှင့် ကမ္ဘာလုံးဆိုင်ရာမီဒီယာဆွေးနွေးပွဲတို့မှ ထွက်ပေါ်လာသည့် ရလဒ်ကောင်းများဖြင့် မိမိတို့အတူတကွ တက်ရောက်လာကြသည့် နိုင်ငံများသည်လည်း အိန္ဒိယနိုင်ငံနှင့်အတူ တီထွင်ဖန်တီးမှုဆိုင်ရာလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ယင်းနောက် ကမ္ဘာ့နိုင်ငံများမှ ပေးပို့သည့် video message များကို ဖွင့်လှစ်ပြသပြီးနောက် ကမ္ဘာလုံးဆိုင်ရာမီဒီယာဆွေးနွေးပွဲ၏ ပူးတွဲသဘောတူညီချက်ကို ထုတ်ပြန်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် ဖျော်ဖြေရေးညီလာခံ (WAVES-2025) ကို မေ ၄ ရက်အထိ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)