ကြံခင်း၊ မေ ၁၁
၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ကြံခင်းမြို့နယ်လုံးဆိုင်ရာ အခေါင်စံရာမြသီတာ စေတီတော်မြတ်ကြီး ပရဝဏ်အတွင်းရှိ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီအချိန်တွင်ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက် သွန်းလောင်းကြသည်။
ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့ဖွင့်လှစ်ပြီး ဒေါ်စန္ဒာငြိမ်းအေးက မဟာဗောဓိဘုရားရှိခိုး ဂါထာဖြင့် ရွတ်ဖတ်ပူဇော်ကာ ရွာသစ်ဝတ်အသင်းက ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဆိုင်ရာ ကဗျာများဖြင့် ရွတ်ဖတ်ပူဇော်ကြသည်။ ဆက်လက်၍ ညောင်ရေ သွန်းပွဲ ဖြစ်ပေါ်လာပုံအကြောင်းအား ဒေါ်နိုရာဝင်းက ဖတ်ကြားပြီး “အောင်ပဏာမအောင်” ဆုတောင်းဂါထာဖြင့် ရွာသစ်ဝတ်အသင်းက ဆက်လက်ပူဇော်ကြသည်။ ယင်းနောက်အခေါင်စံရာ မြသီတာစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကြွေးကြော်သံဂါထာဖြင့် ရွတ်ဖတ်ပူဇော်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်စိုး၊ ဗိုလ်မှူး သောင်းထွဋ်လွင် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများက ဗောဓိညောင်ပင်ရင်းသို့ စုပေါင်း၍ ညောင်ရေသွန်းလောင်းကြသည်။
ထို့နောက် “အောင်ဆုမင်္ဂလာ” အမျှဝေစာတမ်းအား ဒေါ်နိုရာဝင်းက ရွတ်ဖတ်ပူဇော် အမျှပေး ဝေကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ကြံခင်းမြို့ ပေါ်ရက်ကွက်များနှင့် ကျေးရွာ/အုပ်စုများတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲများနှင့် စတုဒိသာ ထမင်း၊ အချိုရည်အမျိုးမျိုး၊ မြန်မာမုန့်မျိုးစုံ တို့ကို စေတီပုထိုးများနှင့် ဘုန်းတော်ကြီး ကျောင်းများတွင် ကုသိုလ်ပြု လှူဒါန်း လျက်ရှိကြကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost









No comments:
Post a Comment