ကရင်ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုနှင့်သေဆုံးထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းကျဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုနှင့်သေဆုံးထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းကျဆင်း



ဘားအံ ၊ မေ ၂၈


ကရင်ပြည်နယ်အတွင်း ယာဉ်မောင်းနှင်စီးနင်းသူတိုင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသိရှိလိုက်နာစေရေး အသိပညာပေးဟောပြောပွဲများ စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့်အတွက် ယာဉ်မတော်တဆမှုနှင့်သေဆုံးထိခိုက်ဒဏ်ရာရရှိမှု သိသိသာသာ လျော့နည်းလာကြောင်း မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည့် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (၃/၂၀၂၅) လုပ် ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယာဉ်မတော်တဆမှုဖြစ်စဉ်များသည် နိုင်ငံ့လူ့စွမ်းအား အရင်းအမြစ်နှင့်စီးပွားရေးတို့ကို ထိခိုက်စေရုံသာမက ယာဉ်မတော်တဆမှုဖြစ်စဉ်အလိုက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများကိုလည်း အကျိုးသက်ရောက်မှုရှိခြင်းများကြောင့် ဒေသခံပြည်သူများအားလုံး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဗဟုသုတများရရှိစေရေး အသိပညာပေးဟောပြောခြင်း၊ စစ်ဆေးအရေးယူခြင်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရန်နှင့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ၏ ရည်ရွယ်ချက်/ရည်မှန်းချက်များအား အောင်မြင်စွာဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် တက်ရောက်လာသည့်ဌာနဆိုင်ရာများမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုပေး ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီအဖွဲ့ဝင်များက ယခင်အပတ်အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ကောင်စီအတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် ဧပြီလအထိ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး တွဲဖက်အတွင်းရေးမှူးအမှတ်(၁၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးက ၃ နှစ်တာကာလ အလားတူကာလအတွင်း ယာဉ်မတော်တဆမှုနှင့် သေဆုံးထိခိုက်ဒဏ်ရာရရှိမှု လျော့ နည်းကျဆင်းလာသည့်အခြေအနေများ ကိုရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင် ဝန်ကြီးများက လိုအပ်သည်များအကြံပြုဆွေးနွေးတင်ပြကြပြီး စီမံခန့်ခွဲရေးဆပ်ကော်မတီ၊ ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေးဆပ် ကော်မတီ၊ သုတေသနပြုရေးနှင့်ကျန်းမာရေးဆပ်ကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီအတွင်းရေးမှူးများက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြကာ ကောင်စီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာဌာနများအလိုက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ခရိုင်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့များက သက်ဆိုင်ရာ ခရိုင်များအလိုက် အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုများ၊ စစ်ဆေးအရေးယူဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)