ကမ္ဘာ့နိုင်ငံအချို့နှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့နိုင်ငံအချို့နှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာ


နေပြည်တော်၊ မေ ၂၅

မိုးရာသီတွင်ဖြစ်ပွားတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၃-၅-၂၀၂၅ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ကမ္ဘာ့နိုင်ငံအချို့နှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ လတ်တလောမြင့်တက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာသော်လည်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲများသည် XBB နှင့် JN.1 တို့မှ မျိုးရိုးဗီဇပြောင်းလာသော ရောဂါပိုးများဖြစ်ပြီး ရောဂါပိုမိုပြင်းထန်မှုနှင့် ပိုမိုသေဆုံးမှုမရှိကြောင်း၊ လက်ရှိထိုးနှံနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေကို ထိရောက်စွာလျှော့ချနိုင်ကြောင်း။

ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာ အရေးပေါ် အခြေအနေအဖြစ်မှ ရုပ်သိမ်းခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံဖြတ်ကျော်ဝင်ထွက်ပေါက်များဖြစ်သော အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလက္ခဏာရှိသူများကို ဓာတ်ခွဲ စစ်ဆေးခြင်း၊ မျိုးရိုးဗီဇပြောင်းလဲမှုစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း အစရှိသော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မိုးရာသီကာလ စိုစွတ်သည့် ရာသီဥတုအခြေအနေကြောင့် အသက်ရှူလမ်းကြောင်းမှ ကူးစက်တတ်သော ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများကို ပိုမိုအားဖြည့် စောင့်ကြပ်ကြည့်ရှုရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြည်သူ့ဆေးရုံကြီးများတွင် ထိရောက်စွာ စနစ်တကျဆေးကုသမှုပေးနိုင်ရေး လိုအပ်သည့် အရင်းအမြစ်များ ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ပတ်သက်၍ ဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်တို့မှ ညွှန်ကြားရေးမှူးများက ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါတို့နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း၊ ကာကွယ်ဆေးထိုးနှံခြင်း‌ ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များက လိုအပ်သည်များကို မှာကြားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှု၍ အပတ်စဉ်သတင်းထုတ်ပြန်ခြင်းအား ဆောင်ရွက်လျက်ရှိရာ ယခုရက်သတ္တပတ်တွင် အနည်းငယ်မြင့်တက်လာသော်လည်း ပြင်းထန်လူနာ နှင့် အထူးကြပ်မတ်ကုသမှုပေးရသော လူနာများ မရှိခြင်း၊ သေဆုံးသူမရှိခြင်းတို့ကြောင့် စိုးရိမ်ဖွယ်ရာ မရှိကြောင်း၊ ဦးစားပေးအုပ်စုများကို ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံပေး ခြင်းအား ဆက်လက်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီး ဌာန ဆေးသုတေသနဦးစီးဌာနမှ SARS CoV-2 မျိုးရိုး ဗီဇပြောင်းလဲမှုအား စဉ်ဆက်မပြတ်စောင့်ကြပ် ကြည့်ရှုလျက်ရှိရာ ယခုအထိတွေ့ရှိရသော ဗီဇပြောင်းပိုးများသည် ကမ္ဘာ့နိုင်ငံများတွင်လည်း ကူးစက်လျက် ရှိပြီး ပြင်းထန်မှုမရှိသည့် မျိုးကွဲများဖြစ်သည့်အတွက် လက်ရှိထိုးနှံပေးနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဖြင့် ထိရောက်စွာကာကွယ်နိုင်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)