နေပြည်တော်၊ မေ ၁၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား ယမန်နေ့က အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော် အစိုးရက ဆောင်ရွက်နေမှု အခြေအနေများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ လိုအပ်နေမှုနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်း ဆွေးနွေးပြီး ICRC ဘက်မှ ငလျင်ဘေးသင့်ဒေသများအတွက် ရေရရှိရေး၊ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပေးနေမှု လုပ်ငန်းများနှင့် ICRC ၏ ပုံမှန်ဆောင်ရွက်နေသော လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ကြီးဌာနနှင့် ICRC တို့အကြား ပူးပေါင်းဆောင်ရွက်လျက် ရှိသော လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာ အမှုထမ်းများနှင့် ICRC ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment