တာမွေ၊ ဇွန် ၂၄
“မူးယစ်ဆေးသုံး လူညွန့်တုံး၊ ဆုံးရှုံးဘဝ ကာကွယ်ကြ” ဆိုသည့် စကားအတိုင်း နိုင်ငံ၏ အနာဂတ်တာဝန် များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါး၏ ကျေးကျွန်များ ဘဝမရောက်ရှိစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်း အမြစ်များ မဆုံးရှုံးစေရေးအတွက်ရည်ရွယ်ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့တို့ ပူးပေါင်းကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေ မြို့နယ် ကျိုက္ကဆံလမ်းရှိ အဆိုပါ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ် ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ဟောပြောပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ အမှတ် (၄၁)၊ မူးယစ်တပ်ဖွဲ့စု (ရန်ကုန်အရှေ့ပိုင်း)မှ ရဲအုပ်နေလင်းထွန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဖြတ်သင်တန်းသားများ အနေဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ပြုပြင်ပြောင်းလဲရန် များစွာလိုအပ်သည့်အကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်၍ အကျယ် တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ကျောင်းသားလူငယ်ထု ဆက်သွယ်ရေး သံတမန် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ် သော ဆေးဝါးအမျိုးမျိုးသုံးစွဲခြင်းကြောင့် လူနေမှုဘဝပေါင်းများစွာတို့၏ ထိခိုက်နစ်နာ ဆုံးရှုံးရမှုများနှင့် ပတ်သက်၍ လည်းကောင်း အကျယ်တဝင့် အသိပညာပေး အသီးသီး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက် ရောက်လာကြသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ ကြသည်။
အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှု ဆောင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မူးယစ်ဆေးဖြတ်သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment