ပေကျင်း၊ ဇွန် ၂၀
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်တွင် ပေကျင်းမြို့ ပေကျင်းနိုင်ငံခြားဘာသာလေ့လာရေးတက္ကသိုလ် (BFSU) ၌ ကျင်းပသည့် ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့သည်။
ဘွဲ့နှင်းသဘင်အခမ်းအနားမစမီတွင် သံအမတ်ကြီးသည် တက္ကသိုလ်ကောင်စီ ဥက္ကဋ္ဌ Mr. WANG Dinghua ၊ ပေကျင်းနိုင်ငံခြားဘာသာလေ့လာရေးတက္ကသိုလ် ပါမောက္ခချုပ် Mr. JIA Wenjian နှင့် ဒုတိယပါမောက္ခချုပ်တို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးအခြေအနေနှင့် တက္ကသိုလ်၌ တက်ရောက်နေသော မြန်မာနိုင်ငံမှ ကျောင်းသားများ၏ ပညာသင်ကြားရေးအခြေအနေများအား မေးမြန်းပြီး ၎င်းတို့အား တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးပါရန် ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဘွဲ့နှင်းသဘင်အခမ်းအနားအား အစီအစဉ်အတိုင်း ကျင်းပပြီး အစီအစဉ်အရ သံအမတ်ကြီးမှ မိန့်ခွန်းပြောကြားရာတွင် ပေကျင်းနိုင်ငံခြားဘာသာလေ့လာရေးတက္ကသိုလ်ကို ၁၉၄၁ ခုနှစ်၌ စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံများအကြား ယဉ်ကျေးမှုနှင့် အပြန်အလှန်နားလည်မှုကို မြှင့်တင်ပေးနိုင်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အသိပညာ၊ အတတ်ပညာဆိုင်ရာ မီးရှူးတန်ဆောင်တစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့ မိန့်ခွန်းပြောကြားရသည်မှာ ဂုဏ်ယူရပါကြောင်း၊ ယနေ့ဘွဲ့ရရှိမည့် မောင်မယ်များအနေဖြင့်လည်း မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေးတွင် အပြန်အလှန်အထောက်အကူပြုနေသည့် ကောင်းမြတ်သော အစဉ်အလာများကို လက်ဆင့်ကမ်းသယ်ဆောင်နိုင်ရေး၊ အနာဂတ်ကာလတွင် သက်ဆိုင်ရာ နယ်ပယ်အလိုက် ပညာရှင်များအဖြစ် နိုင်ငံ့အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်ရေး၊ မတူညီမှုများကို ပေါင်းကူးပေးနိုင်သော မျိုးဆက်သစ်ပညာရှင်များ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် သံအမတ်ကြီးသည် အဆိုပါတက္ကသိုလ်၌ တက်ရောက်နေသော မြန်မာနိုင်ငံ ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာဘာသာ လေ့လာသင်ယူနေသော တရုတ်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ တက္ကသိုလ်မှ သင်ကြားပေးနေသည့် ပညာရပ်များကို ကြိုးစားလေ့လာကြရန်၊ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းနေမွန်မှုကို လက်ဆင့်ကမ်း မြှင့်တင်ဆောင်ရွက်သွားနိုင်ရေးအတွက် ကြိုးပမ်းကြရန်၊ တက္ကသိုလ်၌ စည်းကမ်းတကျ လိုက်နာနေထိုင်ကြရန်နှင့် လိုအပ်သည်များရှိပါက မြန်မာသံရုံးနှင့် ဆက်သွယ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက္ကသိုလ်ကောင်စီ ဥက္ကဋ္ဌ Mr. WANG Dinghua ၊ ပေကျင်းနိုင်ငံခြားဘာသာလေ့လာရေးတက္ကသိုလ် ပါမောက္ခချုပ် Mr. JIA Wenjian နှင့် ဌာနအသီးသီမှ ဌာနမှူး၊ ပါမောက္ခများ၊ ဘွဲ့ရကျောင်းသူ၊ ကျောင်းသားများ စသည့် ဧည့်သည်စုစုပေါင်း (၃၀၀၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment