ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်းတွင် ဘိုးဘွားစဉ်ဆက် စက်မှုလုပ်ငန်း လုပ်ကိုင်နေသူများက (၁၈) ကြိမ် မြေနေရာပိုင်ဆိုင်မှု ချထားပေးရန် လျှောက်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်းတွင် ဘိုးဘွားစဉ်ဆက် စက်မှုလုပ်ငန်း လုပ်ကိုင်နေသူများက (၁၈) ကြိမ် မြေနေရာပိုင်ဆိုင်မှု ချထားပေးရန် လျှောက်ထား









ရန်ကုန်၊ ဇွန် ၂၀

ဒလမြို့နယ်၊ မြေတိုင်းအမှတ်(၃)၊ မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ အမှတ်(၂၂၉) အိုးအိမ်မြေ၊ ဘိုးဘပိုင်မြေတွင် နေထိုင်လျက်ရှိပြီး စက်ပြင်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် ဦးရဲမင်းသူ က ၎င်းတို့ နေထိုင်လျက်ရှိသော မြေနေရာအား တရားဝင်ပိုင်ဆိုင်မှု အထောက်အထား ချထားပေးရန် ၁၈ ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံ (၁၆-၆-၂၀၂၅) ရက်နေ့က ထပ်မံတင်ပြထားကြောင်း သိရသည်။

အဆိုပါမြေနေရာပေါ်တွင် ဦးတင်ညို၏ မိဘများဖြစ်သော ဦးချစ်တီးနှင့်ဒေါ်သိန်းမေတို့ သက်ရှိထင်ရှားရှိစဉ်ကတည်းက နေထိုင်လုပ်ကိုင်လာခဲ့ရာ ဦးတင်ညိုသည် ၁၉၈၃ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၊ အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ ဒေသန္တရစက်မှုကြီးကြပ်ရေးနှင့် လုပ်ငန်း စစ်ဆေးမှုညွှန်ကြားရေးဦးစီးဌာနမှ ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ် စတင်ရရှိခဲ့သည်။ ယခင်က ၎င်းစက်ပြင်လုပ်ငန်းနှင့်မြေနေရာအား အဘိုးဖြစ်သူ ဦးတင်ညိုနှင့် မိခင် ဒေါ်သန်းသန်းဆွေမှ နေထိုင်လုပ်ကိုင်ခဲ့သည်။ ဦးရဲမင်းသူ သည် ဦးတင်ညို၏ မြေး ဒေါ်ကြည်လဲ့လဲ့ဦးနှင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထိမ်းမြားလက်ထပ်ခဲ့ပြီး ဦးတင်ညို၏ မြေးသားမက် ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းလုပ်ငန်းနှင့်မြေနေရာကို ဦးရဲမင်းသူနှင့် ဇနီး ဒေါ်ကြည်လဲ့လဲ့ဦး တို့အား မင်္ဂလာဦးလက်ဖွဲ့အဖြစ် တရားဝင်အပြီးအပိုင် လွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုမြေနေရာပေါ်တွင် စက်ပြင်လုပ်ငန်းကို ယနေ့တိုင် ဆက်လက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

ယခင်မြို့နယ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနတို့၏ အစီအစဉ်ဖြင့် ၁၉၉၄ ခုနှစ်တွင် ဒလမြို့နယ်အား မြို့တော်အင်္ဂါရပ်နှင့်အညီ မြို့ကွက်သစ်များဖော်ထုတ်ရာ၌ ကျန်စစ်သားရပ်ကွက်တွင် မြေနေရာ(၂)ကွက် အစားထိုးချထားပေးစဉ်က ရယူခဲ့ခြင်းမရှိဘဲ ယခုမြေနေရာ၌ပင် သားစဉ်မြေးဆက်မပျက် နေထိုင်လုပ်ကိုင်လာခဲ့သော နေရာလည်းဖြစ်သည်။ မြေနေရာအစားထိုးရယူခဲ့ခြင်း မရှိသည်မှာ မှန်ကန်ကြောင်းနှင့် လက်ရှိနေရာအား ဆက်လက်နေထိုင်၍ စက်ပြင်လုပ်ငန်း လုပ်ကိုင်နိုင်ရန် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်အောင်သာ၏ ထောက်ခံချက်လက်မှတ်ဖြင့် ချထားပေးခဲ့ခြင်းဖြစ်သည်။

ဘိုးဘွားမိဘများလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာသော ၎င်းစက်ပြင်လုပ်ငန်းမြေနေရာ အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ တရားဝင်ခွင့်ပြုချက်လုပ်ငန်းလိုင်စင်ဖြင့် နှစ်စဉ် အခွန်ထမ်းဆောင်လျက်ရှိပြီး ပြည်တွင်းအခွန်များဦးစီးဌာန၏ သတ်မှတ်အခွန်များကို ပေးဆောင်၍ နှစ်စဉ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မြေနေရာကို ဦးဒိုနာဘာလန်း (ခ) ဦးစိုးမြင့်၊ နိုင်ငံသားစိစစ်ရေးကဒ်အမှတ် ၁၂/ဗတထ (နိုင်) ၀၃၂၄၆၀ ကိုင်ဆောင်သူ ဒေါ်ခင်ခင်စိုးနှင့် ၎င်း၏ အပေါင်းအပါလူတစ်စုမှ ခြံမြေကွက်အတွင်း မြေနေရာတိုင်းတာခြင်း၊ ခြံစည်းရိုးခတ်ခြင်းများ ပြုလုပ်လာခဲ့သောကြောင့် ဝန်ကြီးချုပ်(ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)၊ ဥက္ကဋ္ဌ(မြို့တော်ဝန်)ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ဌာနဆိုင်ရာများသို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် (ပထမအကြိမ်)၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် (ဒုတိယအကြိမ်)၊ ၂၀၂၄ ခုနှစ် မေလ ၂၅ ရက်နေ့တွင် (တတိယအကြိမ်)၊ ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် (စတုတ္ထအကြိမ်) တိုင်ကြားစာများ ပေးပို့ကန့်ကွက်ခဲ့သည်။

ထိုသို့ကန့်ကွက်မှုများကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ၅.၆.၂ဝ၂၄ ရက်စွဲပါစာအမှတ်၊ ၅-၂၁၄၉/ ပြင်ပ/ စည်ပင်-ယာ/အုံ(စစ်)နှင့် ၂ဝ.၆.၂ဝ၂၄ ရက်စွဲပါစာအမှတ်၊ ၅-၂၃၈ဝ/ ပြင်ပ/ စည်ပင်-ယာ/အုံ(စစ်) တို့ဖြင့် ဦးဒိုနာဘာလန်းနှင့် သမီးဖြစ်သူ ဒေါ်ခင်ခင်စိုး၊ ကိုယ်စားလှယ် ဦးမြင့်လွင်တို့၏ မင်းမဲ့စရိုက်ဆန်ဆန် ကျူးကျော်ခြံခတ်မှုအား ပြန်လည်ဖျက်သိမ်းစေခဲ့သည်။ စည်းကမ်းလိုက်နာမှုမရှိ၍ ရန်ကုန်စည်ပင်ဥပဒေပုဒ်မ ၃၁၂(က)အရ ဒဏ်ရိုက်ခဲ့ခြင်းကိုလည်း တွေ့ရှိရသည်။

ဒေါ်ခင်ခင်စိုးသည် ခြံစည်းရိုးဖျက်သိမ်းရန်နှင့် ရန်ကုန်စည်ပင်ဥပဒေအရ ဒဏ်ရိုက်ခဲ့ခြင်းများကို လေးစားလိုက်နာမှုမရှိသည့်အပြင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ပဉ္စမအကြိမ် ထပ်မံ ကျူးကျော်ခြံခတ်လာခြင်းကြောင့် ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်တာဝန်ရှိသူများက တားမြစ်ခဲ့ရသည်။

ဥပဒေကြောင်းအရ ဦးရဲမင်းသူ က "ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ နည်းဥပဒေပါ အခန်း(၁)၊ အပိုဒ်-၂ (င)တွင် ပါမစ်ဆိုသည်မှာ မြေနှင့်စပ်လျဉ်း၍ ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ လူနေအိမ် သို့မဟုတ် အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်ပြုခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဒေါ်ခင်ခင်စိုးသည် အင်ဂျင်နီယာဌာန(အဆောက်အအုံ)၏ ၅.၆.၂၀၂၄ ရက်စွဲပါစာနှင့် ၂၀.၆.၂၀၂၄ ရက်စွဲပါစာတို့အပြင် ရန်ကုန်စည်ပင်ဥပဒေပုဒ်မ ၃၁၂(က)အရ ဒဏ်ရိုက်ခဲ့မှုများကြောင့် ပါမစ်ဖျက်သိမ်း ပြီးဖြစ်သည်ဟု အတိအကျပြောဆိုနိုင်ပါတယ်။ ဒေါ်ခင်ခင်စိုးသည် ထုတ်ပေးထားသော အိမ်ရာဆောက် လုပ်နေထိုင်ခွင့်တွင် လိုက်နာရမည့်စည်းကမ်းချက်များအနက်၊ (၆)ခုစလုံးအား လိုက်နာနိုင်ခြင်းမရှိဘဲ ပျက်ကွက်ခဲ့ပါတယ်။ စည်းကမ်းချက်(၁)အရ၊ နေထိုင်ခွင့်ရသော အိမ်ရာမြေကွက်တွင် အဆောက်အဦးကို မြေလက်ခံရရှိပြီးသည့်နေ့မှ တစ်လအတွင်း အိမ်ဆောက်၍ ကိုယ်တိုင်နေထိုင်ရမှာ ဖြစ်ပါတယ်။ စည်းကမ်းချက်(၂)အရ၊ အိမ်ရာမြေကွက်တွင် လူနေအိမ်တစ်အိမ်ထက်ပို၍ ဆောက်လုပ်ခြင်းမရှိရ၊ အခါအားလျော်စွာ သက်ဆိုင်ရာဒေသန္တရအုပ်ချုပ်ရေးအဖွဲ့မှလည်းကောင်း၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှလည်းကောင်း၊ သတ်မှတ်ထားသော အဆောက်အဦးစည်းကမ်း ချက်များအရ၊ နေအိမ်ဆောက်လုပ်ရမှာ ဖြစ်ပါတယ်။ စည်းကမ်းချက်(၃)အရ၊ နေထိုင်ခွင့်ရသော မြေကွက်တွင် လူနေအိမ်ကိစ္စမှတပါး ဒုတိယဌာနမှူး(မြို့/မြေဌာန)၏ စာဖြင့် ကြိုတင်ခွင့်ပြုချက်မရဘဲ အခြားကိစ္စ အတွက် အသုံးမပြုရ။ စည်းကမ်းချက်(၄)အရ၊ အိမ်ရာမြေရသူသည် မြေကွက်ကို ခွဲစိတ်ခြင်း၊ တစ်ဆင့်လွှဲပြောင်း ရောင်းချပေါင်နှံပေးကမ်းခြင်း လုံးဝမပြုရ။ စည်းကမ်းချက်(၅)အရ၊ အိမ်ရာမြေကွက် ရသူသည် သတ်မှတ်ထားသောစည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်ပါက ခွင့်ပြုထားသော မြေကွက်ကို မြေပေါ်ရှိ အဆောက်အဦးနှင့်တကွ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနက ပြန်လည် သိမ်းယူပိုင်ခွင့်ရှိသည်။ အဲဒီလို စည်းကမ်းချက်တွေ ရှိတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ နည်းဥပဒေ၊ အခန်း(၅)၊ အပိုဒ် - ၂၆ (ခ)တွင် “နည်းဥပဒေခွဲ(က)အရ သတ်မှတ်ထားသော စည်းကမ်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်ကို ဖျက်သိမ်း၍ လိုအပ်သလို စီမံခန့်ခွဲနိုင်သည်။ ယင်းသို့ ဖျက်သိမ်းခြင်းခံရပါက ပေးသွင်းထားသောငွေကို ပြန်လည်တောင်းခံပိုင်ခွင့် မရှိစေရ။” ဟု ရေးသားထားပါတယ် " ဟု ပြောသည်။

ဒေါ်ခင်ခင်စိုးအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က မြေဂရန်ချထားပေးခြင်းနှင့် ပတ်သက်၍ "ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ပြောကြားချက်များအရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေါ်ခင်ခင်စိုးအား မြေနေရာ ရောင်းချပေးလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဤမြေနေရာကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိ ဝန်ထမ်းကောင်းအချို့သည် ရန်ကုန်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိဝန်ထမ်းကောင်းအချို့နှင့် ပူးပေါင်း၍ဖြစ်စေ၊ သီးခြားဖြစ်စေ စာရွက်စာတမ်းအထောက်အထားများကို စစ်ဆေးမှု မပြုလုပ်ဘဲ၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းမရှိဘဲ၊ ရပ်ကွက်နေပြည်သူလူထုအား မေးမြန်း စုံစမ်းခြင်းမရှိဘဲ မြေပုံ၊ google Maps နှင့် ငွေကိုကြည့်၍ မြေနေရာအကွက်ရိုက်ရောင်းချပေးခြင်းမျိုး မလုပ်သင့်ပါဘူး။ ဝန်ထမ်းကောင်းများက နိုင်ငံတော်မှ တာဝန်ပေးခြင်းကို အမွေ ပေးခြင်းနှင့် ရောထွေးနေဟန်ရှိပါတယ်။" ဟု ပြောသည်။

ဦးရဲမင်းသူတို့၏ မိသားစုသည် ဒလမြို့နယ်၏ မြေနေရာများနှင့်ပတ်သက်၍ မြို့ရွာနှင့် အိုအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲခြင်း မပြုလုပ်မီနှင့် စီမံခန့်ခွဲမှုများ ပြုလုပ်နေစဉ်အတောအတွင်း မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း(ယခင် ကမ်းနားပတ်လမ်း)တွင် နေထိုင်၍ စက်ပြင်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ထို့နောက် မြို့ရွာနှင့်အိုအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ မြေနေရာစီမံခန့်ခွဲမှုများ လွှဲပြောင်းပေးသည့်အခါတွင်လည်း စည်ပင်မှ လုပ်ငန်းလိုင်စင်များ ရယူ၍ စက်ပြင်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ 

ဦးရဲမင်းသူ က "ဥပမာ လောက၏ အမှန်တရားအရ အဖေရင်းသည် ပထွေးမဟုတ်သကဲ့သို့ ပထွေးများသည်လည်း အဖေရင်း မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်ပါ။ ထို့အတူ ဒေါ်ခင်ခင်စိုးတို့အုပ်စုအပါအဝင် တစ်ခြားလူပုဂ္ဂိုလ်များကို မြေနေရာချထားပေးရန်အတွက် ကျွန်တော်တို့၏မိသားစုအား ခေါင်းစဉ်တစ်ခုခုဖြင့် ယင်းမြေနေရာမှ ဖယ်ရှားရန် စဉ်းစားခြင်းသည်လည်း လောက၏ အမှန်တရားဖြစ်လာမည်မဟုတ်ပါ။ ယခုလို ဥပမာပေးရခြင်းကလည်း အသိဉာဏ်ထွန်းကား၍ စဉ်းစားဆင်ခြင်နိုင်စေရန်သာ ရည်ရွယ်ပါတယ်။ ယခင်က စုစုပေါင်း (၁၇)ကြိမ်မြောက် မြေနေရာလျှောက်ထားခဲ့ပြီးဖြစ်သော်လည်း ဝန်ထမ်းကောင်းအချို့၏ အရည်အချင်းပြည့်ဝမှုနှင့် စီမံခန့်ခွဲမှု တော်လွန်းသောကြောင့် မရရှိခဲ့ဘဲ ယခုအခါ (၁၈) ကြိမ်မြောက် မြေနေရာလျှောက်ထားရခြင်းသာ ဖြစ်ပါတယ်" ဟု ပြောသည်။

ဦးရဲမင်းသူ ၏ တင်ပြချက်တွင် "ပြည်သူဆိုသော ရှုထောင့်မှကြည့်လျှင် တိုင်းပြည်ကို Good Government ဖြစ်စေချင်သကဲ့သို့ ဝန်ထမ်းများကိုလည်း အဂတိကင်းစေချင်မိပါသည်။ မိမိထောက်ခံသော အစိုးရကိုလည်း ပြည်သူများက အားကိုးယုံကြည်စေချင်မိသည်မှာ အမှန်တရားပင် ဖြစ်ပါသည်။ စာရွက်စာတမ်းအထောက်အထားများအရ ဦးတင်ညို၏ အသက်အရွယ်နှင့် ရေတွက်ပါက နှစ်ပေါင်း(၈၀)ကျော် အစဉ်အဆက်မပျက် နေထိုင်လုပ်ကိုင်လာခဲ့သော ဤမြေနေရာတွင် ကျွန်တော်တို့မိသားစုသည် ကမ္ဘာတည်သ၍၊ မြန်မာနိုင်ငံ ကမ္ဘာပေါ်တွင် တည်ရှိနေသ၍ ဆက်လက်နေထိုင်သွားပါမယ်။ မြန်မာနိုင်ငံတွင် ရေးဆွဲထားသော မြေနေရာပိုင်ဆိုင်ခွင့်ဥပဒေများအားလုံးအရ၊ ကျွန်တော်တို့မိသားစုမှအပ တခြားသူများအား ဤမြေနေရာ ချထားပေးခြင်းကို လုံးဝ လက်မခံမည်မဟုတ်ပါ။ တာဝန်ရှိ ဝန်ထမ်းကောင်းများက ဒေါ်ခင်ခင်စိုးကိုဖြစ်စေ၊ ဒေါ်ခင်ခင်စိုး၏ အဖေ ဒိုနာဘာလန်းကိုဖြစ်စေ၊ ဒိုနာဘာလန်း၏ အဖေကိုဖြစ်စေ၊ ၎င်းတို့၏အထက် အဖေများကိုဖြစ်စေ၊ ၎င်းတို့၏အောက် သား/သမီး၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ဆတ်များကိုဖြစ်စေ၊ ၎င်းတို့နှင့်ပတ်သက်သော အသိကျွမ်းဝင်သူများကိုဖြစ်စေ၊ ၎င်းတို့နှင့် မပတ်သက်သော တခြားလူပုဂ္ဂိုလ် များကိုဖြစ်စေ၊ တခြားတခြားသော လူပုဂ္ဂိုလ်များကိုဖြစ်စေ မြေနေရာချထားပေးရန် စဉ်းစားရုံမျှဖြင့် လုံးဝ(လုံးဝ)လုံးဝ တားမြစ်ကန့်ကွက်ပါတယ်။ ယခု မြေနေရာလျှောက်ထားခြင်းသည် (၁၈)ကြိမ်မြောက် ဖြစ်ပါတယ်။" ဟု တင်ပြထားသည်ကို တွေ့ရသည်။

အဆိုပါမြေနေရာနှင့် ပတ်သက်၍ ပြဿနာပေါ်ပေါက်လာရခြင်းမှာ ဤနေရာတွင် နေထိုင်၍ စက်မှုလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ဦးရဲမင်းသူ ၏ ဂရန်လျှောက်ထားမှုကို ရန်ကုန်မြို့တော်စည်ပင်၊ မြေယာဌာန က မသိကျိုးကျွန်ပြုပြီး စစ်ရေးပဋိပက္ခများ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်နေသည့် ၂၀၂၂ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့တွင် ဒေါက်တာ ခင်ခင်စိုး ဆိုသူကို ပါမစ်ချထားပေးလိုက်ခြင်းကြောင့် ပြဿနာပေါ်ပေါက်လာရခြင်းဖြစ်ပြီး မူလနေထိုင်သူ က မြေဂရန် ရရှိရန် အကြိမ်ကြိမ်တင်ပြဆောင်ရွက်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)