ဇွန် - ၂၀ ( သောကြာနေ့ )
အီရန်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ခြင်းဖြင့် ဝါရှင်တန်အစိုးရသည် ကြီးလေးသော အမှားတစ်ခု ပြုလုပ်လိမ့်မည် ဖြစ်ကြောင်း ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကောဗ့် ပြောကြားသွားပါတယ်။ အီရန်နိုင်ငံနှင့် အစ္စရေးတို့ကြား ဖြစ်ပွားနေသော ပဋိပက္ခများတွင် အမေရိကန်၏ တိုက်ရိုက်ပါဝင်ပတ်သက်မှုသည် ဒေသတွင်း အခြေအနေကို ပိုမိုဆိုးရွားစေမယ်လို့လည်း သတိပေးသွားပါတယ်။
တီဟီရန်က နျူဗုံးထုတ်လုပ်ရန် နီးစပ်နေပြီဆိုတဲ့ သံသယကြောင့် အစ္စရေးက အီရန်အပေါ် ကြီးမားသော ဗုံးကြဲတိုက်ခိုက်မှုကို စတင်ခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်တွင် တင်းမာမှုများ မြင့်တက်လာခဲ့ပါတယ်။ အဲ့ဒိနောက်မှာတော့ အီရန် က ဒရုန်းလှိုင်းလုံးများနှင့် ဒုံးကျည်များဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ နှစ်နိုင်ငံ အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများက ဒီနေ့အထိ ဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မကြာသေးမီရက်များအတွင်း တီဟီရန်ကို တိုက်ရိုက်ခြိမ်းခြောက်ခဲ့ပြီး နျူကလီးယားအစီအစဉ်ကို လုံးဝစွန့်လွှတ်ရန် တောင်းဆိုခဲ့ပါတယ်။ အီရန်အပေါ် တိုက်ခိုက်မည့် အစီအစဉ်ကို လျှို့ဝှက်စွာ အတည်ပြုထားပြီးဖြစ်ကြောင်း Wall Street ဂျာနယ်က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သော်လည်း သမ္မတက အဆိုပါ ထုတ်ဝေမှုကို “မသိရှိ” ကြောင်း ပြောထားပါတယ်။ လာမည့်နှစ်ပတ်အတွင်း အီရန်ကို တိုက် မတိုက် အပြီးသတ်ဆုံး ဖြတ်ချက်ချမယ်လို့တော့ အိမ်ဖြူတော်က ပြောထားပါတယ်။
"မော်စကိုအစိုးရအနေနဲ့ကတော့ အမေရိကန်က အီရန်ကို ဝင်တိုက်တယ်ဆိုရင် မှားယွင်းတဲ့ လုပ်ရပ်တစ်ခုလို့ပဲ ယုံကြည်ပါတယ်။ ဒါဟာ နောက်ထပ် တိုးမြင့်လာတဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာ ခြေလှမ်းတစ်ခု၊ ကြီးမားတဲ့ တိုးမြင့်မှုတစ်ခုနဲ့ ဒေသတွင်း အခြေအနေတွေကို ရှုပ်ထွေးသွားစေမယ့် ခြေလှမ်းတစ်ခုပါ" လို့ ပက်စ်ကောဗ့် က ပြောသွားပါတယ်။ “ဒီလိုပဋိပက္ခတွေဟာ ဒေသတစ်ခုလုံးကို မီးလောင်စေနိုင်ပါတယ်။ ရုရှားအနေနဲ့ကတော့ ပဋိပက္ခကို ဖြေရှင်းရာတွင် ကူညီရန်အဆင်သင့်ရှိနေဆဲပါပဲ” လို့ လည်းပြောပါတယ်။
"အမေရိကန်နဲ့ အစ္စရေးက အီရန်ကို တိုက်ခိုက်လို့ အစိုးရ အပြောင်းအလဲ ဖြစ်လာနိုင်တယ် ဆိုတဲ့ ပြောဆိုမှုတွေကို လက်ခံနိုင်စရာမရှိဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်၊ ပြီးတော့ ဒီလိုမျိုး အရေးယူမှုတွေလုပ်ဖို့ ဆိုတာက ပိုပြီး မလုပ်ကောင်းပါဘူး" လို့ ဆိုသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment