ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အစည်းအဝေး အမှတ်စဉ်(၁/၂ဝ၂၅) ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အစည်းအဝေး အမှတ်စဉ်(၁/၂ဝ၂၅) ကျင်းပ


နေပြည်တော်၊ ဇွန် ၃

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅)ကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က မြန်မာနိုင်ငံကို FATF မှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှစ၍ တိုးတက် ဆောင်ရွက်မှုများကို စောင့်ကြည့်မည့် နိုင်ငံနှင့်ဒေသများစာရင်း(Gray List)တွင် ထည့်သွင်း ခဲ့သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လတ်တလော အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအမံ(Action Plan)တွင်ပါသည့် အချက်များအပေါ် အလေးထား၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တိုးတက်ဆောင်ရွက်မှု အစီရင်ခံစာပေးပို့ခြင်းနှင့် မျက်နှာစုံညီအစည်းအဝေး တက်ရောက်ခြင်းတို့ကို (၄)လတစ်ကြိမ် ဆောင်ရွက်လျက်ရှိပါကြောင်း။

Action Plan ပါ အချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး Action Plan ပါ အချက် ၁၅ ချက်အနက် ယခုလက်ရှိ အချက် ၆ ချက်သာ ကျန်ရှိတော့သဖြင့် ကျန်ရှိသည့် အချက်များကို ပြီးမြောက်စေရေး သက်ဆိုင်ရာဌာနအသီးသီးမှ ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။

မကြာသေးမီကပြဋ္ဌာန်းခဲ့သည့် အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၂၄-၂၀၂၈) လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် လုပ်ငန်းနယ်ပယ် ၅ ရပ်ဖြင့် ကော်မတီအသီးသီးကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ပါကြောင်း၊ ကော်မတီများအနေဖြင့် နှစ်အလိုက်လုပ်ငန်းစဉ် (Annual Work Plan) ရေးဆွဲဆောင်ရွက်ရေး၊ တိုးတက်မှုအစီရင်ခံစာများ ၃လ တစ်ကြိမ်တင်ပြရေး၊ ကာလလယ်ပြန်လည်သုံးသပ်ရေး(Mid-term Review) စသည်တို့ကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။

၂၀၂၉ ခုနှစ်တွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ တတိယအကြိမ် နိုင်ငံအချင်းချင်း အကဲဖြတ်ခြင်းလုပ်ငန်းစဉ် (Mutual Evaluation-ME)ကို ဆောင်ရွက်ရန်ရှိသည့်အတွက် ဆောင်ရွက်ရမည့် ME လုပ်ငန်းစဉ်များအတွက် ကော်မတီများအနေဖြင့် ကြိုတင်စီမံထားကြရန်လိုအပ်ကြောင်း၊ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနှင့် လူအများအပြားသေကြေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုသည် နိုင်ငံတစ်နိုင်ငံ၏ ပြဿနာမဟုတ်ဘဲ တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည့်အပြင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း အစိုးရတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ Private Sector ၏ အရေးပါမှုကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဗဟိုအဖွဲ့ တွင်လည်း Private Sector များ ပူးပေါင်းပါဝင်နိုင်ရေး UMFCCI ကို ထည့်သွင်းဖွဲ့စည်း ထားပါကြောင်း၊ UMFCCI သည် ကုန်သွယ်ရေး၊ စက်မှုလက်မှုနှင့် စီးပွားရေးလုပ်ငန်းပေါင်းစုံ အဖွဲ့အစည်းများဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် Public-Private Partnership ကဏ္ဍ တိုးမြှင့်ဆောင်ရွက်ရေးအတွက် အလေးထားဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့တို့မှ တက်ရောက် လာသူများက မိမိတို့ တာဝန်ယူထားသည့် ကဏ္ဍအလိုက် ဆောင်ရွက်ချက်များနှင့် ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)