ကူမင်းမြို့၌ မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကူမင်းမြို့၌ မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားကျင်းပ





ကူမင်း၊ ဇွန် ၁၀

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ညစာစားပွဲ အခမ်းအနားကို ၉-၆-၂၀၂၅ ရက်တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Green Lake Hotel ၌ ကျင်းပခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်း၊ ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ရွှီးဟောက်၊ ယူနန်ပြည်နယ်ပြည်သူ့ပြည်ပ ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ရုံး၊ သံတမန်များ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ရွှီးဟောက် နှုတ်ခွန်းဆက်ဂုဏ်ပြုစကား ပြောကြားရာ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ပထဝီတည်နေရာချင်း အများဆုံးနီးကပ်ပြီး ပြည်သူချင်း ချစ်ခင်ရင်းနှီးကာ ယဉ်ကျေးမှု ချင်းလည်း ဆက်နွယ်နေပါကြောင်း၊ မန္တလေးငလျင်လှုပ်ခတ်မှုအပြီး ယူနန် ပြည်နယ်သည် အချိန်နှင့်တစ်ပြေးညီ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက် ထားမှု အကူအညီများ ပေးအပ်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံ ပြည်သူများ၏ အခက်အခဲကို အတူတကွ ရင်ဆိုင်ကြသည့် အပြန်အလှန် အကူအညီပေးအပ်ကြသော ညီအစ်ကိုမောင်နှမ “ဆွေမျိုး-ပေါက်ဖော်” သံယောဇဉ်သည် ပိုမိုခိုင်မာလာပါကြောင်း၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှုနှင့် ကဏ္ဍစုံမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ အနာဂတ်ကာလများတွင် ဆက်လက် အကောင်အထည်ဖော်မည်ဟု ကတိကဝတ်ပြုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာကောင်စစ်ဝန်ချုပ်က နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြား ရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံသည် ရင်းနှီးနွေးထွေးသော အေးအတူပူအမျှထူးခြားသည့် ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း ပုံဖော်ခဲ့ကြသည်မှာ (၇၅) နှစ်ကာလရှိပြီဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအတူတကွ ချမှတ်ခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် နှင့်အညီ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် ပိုမိုတိုးတက်လာသကဲ့သို့ ကဏ္ဍစုံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုကျယ်ပြန့်နက်ရှိုင်းအောင် ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ မိမိတို့အနေဖြင့် ယခုထက်မက ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် မြင့်မားလာစေရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ကို ထပ်လောင်းပြောကြားလိုပါကြောင်း ပြောကြားခဲ့ သည်။ 

အခမ်းအနားတွင် ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာ ရွှီးဟောက်က မြန်မာနှင့် ယူနန်ပြည်နယ်တို့အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မှု ပြယုဂ်အဖြစ် “ယူနန်ပြည်နယ်မှ တွဲလက်များအစီအစဉ်” စီမံကိန်းစာရင်းကို မြန်မာ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များနှင့် ယူနန်ပြည်နယ်ပြည်သူ့ပြည်ပ ချစ်ကြည်ရေးအသင်းတို့မှ ယဉ်ကျေးမှုအကအဖွဲ့များက အက အလှများဖြင့် ဖျော်ဖြေကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)