လော့စ်အိန်ဂျလိစ် ဆန္ဒပြပွဲ ပဋိပက္ခနှင့်စပ်လျဉ်း၍ ထရမ့်နှင့် ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူး အပြန်အလှန် ပြစ်တင်ပြောဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လော့စ်အိန်ဂျလိစ် ဆန္ဒပြပွဲ ပဋိပက္ခနှင့်စပ်လျဉ်း၍ ထရမ့်နှင့် ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူး အပြန်အလှန် ပြစ်တင်ပြောဆို





ဝါရှင်တန်၊ ဇွန် ၉ 

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ ဖြစ်ပွားသည့် ဆန္ဒပြ ပွဲပဋိပက္ခနှင့်စပ်လျဉ်း၍ အမေရိကန် သမ္မတ ထရမ့်နှင့် ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့သည် ဇွန် ၈ ရက်က အပြန်အလှန် ပြစ်တင်ပြောဆိုခဲ့သည်။

ထရမ့်က လော့စ်အိန်ဂျလိစ်သည် “တရားမဝင်ရွှေ့ပြောင်းနေထိုင်သူနှင့် ရာဇဝတ်သားများ၏ ကျူးကျော်မှုကို ခံနေရ”ကြောင်း၊ လော့စ်အိန်ဂျလိစ် “လွတ်မြောက်ရေး” အတွက် လိုအပ်သည့် လှုပ်ရှားမှုမှန်သမျှကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

အမေရိကန် ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူးများက ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ ထရမ့်က လော့စ်အိန်ဂျလိစ်သို့ ပြည်နယ်အမျိုးသားအစောင့်တပ်ဖွဲ့ စေလွှတ်ခြင်းမှာ “စိုးရိမ်ဖွယ်ရာ အာဏာအလွဲသုံးစားလုပ်မှု” ဖြစ်သလို “ထိရောက်မှုမရှိသည့်အပြင် အန္တရာယ်များ” ကြောင်း ပြောကြားခဲ့သည်။

“အကြမ်းဖက်၍ ရုန်းရင်းဆန်ခတ်နေသော လူရမ်းကားများက အုံလိုက်ကျင်းလိုက် ရောက်ရှိလာပြီး” ဖက်ဒရယ် တရားဥပဒေစိုးမိုးရေးလူပုဂ္ဂိုလ်များကို တိုက်ခိုက်ကာ “တရားမဝင်ရွှေ့ပြောင်းနေထိုင်သူနှင့် ရာဇဝတ်သားများ” အား နှင်ထုတ်သည့် လှုပ်ရှားမှုကို တားဆီးရန် ကြိုးပမ်းကြကြောင်း ထရမ့်က ယင်းနေ့ လူမှုကွန်ရက်မီဒီယာတွင် ရေးသားပြောကြားခဲ့သည်။

“အမိမြေလုံခြုံရေးဝန်ကြီး Kristi Noem၊ ကာကွယ်ရေးဝန်ကြီး Pete Hegseth နဲ့တရားစီရင်ရေးဝန်ကြီး Pam Bondi တို့ကို အခြားသက်ဆိုင်ရာဌာန၊ အေဂျင်စီအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်တဲ့ လှုပ်ရှားမှုမှန်သမျှကို ဆောင်ရွက်ဖို့၊ လော့စ်အိန်ဂျယ်လိစ်ကို ရွှေ့ပြောင်းနေထိုင်သူများ ကျူးကျော်မှုကနေ လွတ်မြောက်စေဖို့၊ ဒီ ရွှေ့ပြောင်းနေထိုင်သူများအဓိကရုဏ်းကို အဆုံးသတ်ဖို့ ညွှန်ကြားပြီးဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းနေ့အစောပိုင်းတွင် ထရမ့်က လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်ကာ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom နှင့် လော့စ်အိန်ဂျယ်လိစ် မြို့တော်ဝန် Karen Ruth Bass တို့မှာ “အစွမ်းအစ မရှိကြောင်း” တိုက်ခိုက်ပြောဆိုခဲ့သည်။

နှစ်ရက်ဆက်တိုက်ဖြစ်ပွားသည့် “အစွန်းရောက် လက်ဝဲယိမ်းဆန္ဒပြလှုပ်ရှားမှု” ကို “လှုံ့ဆော်သူနှင့် ငွေကြေးယူ၍ ပြဿနာဖန်တီးသူများ” စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ “ယင်းကို သည်းညည်းခံမည် မဟုတ်ကြောင်း” ထရမ့်က ပြောကြားခဲ့သည်။ လော့စ်အိန်ဂျယ်လိစ် ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်သူများ မည်သူမည်ဝါဖြစ်သည်ကို ဖုံးကွယ်ထားသည့် လုပ်ရပ်နှင့် ရည်ရွယ်ချက်ကို သံသယရှိကြောင်း၊ “ယခုအကြိမ်မှစ၍ ဆန္ဒပြလှုပ်ရှားမှုများတွင် နှာခေါင်းစည်း တပ်ခွင့်မပြုကြောင်း” ၎င်းက ပြောကြားခဲ့သည်။

ဇွန် ၈ ရက်က ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူး ၂၀ ကျော်သည် ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူးများအသင်း ဝက်ဘ်ဆိုက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး Gavin Newsom အပေါ် ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ထရမ့်က လော့စ်အိန်ဂျလိစ်သို့ ပြည်နယ် အမျိုးသားအစောင့်တပ်ဖွဲ့ စေလွှတ်ခြင်းသည် “စိုးရိမ်ဖွယ်ရာ အာဏာအလွဲသုံးစားလုပ်မှု” ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ “ပြည်နယ်အသီးသီး၏ ပြည်နယ်အုပ်ချုပ်ရေးမှူးများကသာ ယင်းပြည်နယ် အမျိုးသားအစောင့်တပ်ဖွဲ့ရဲ့ အမြင့်ဆုံးကွပ်ကဲသူများ ဖြစ်ပြီး ဖက်ဒရယ်အစိုးရအနေဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းခြင်း မရှိဘဲ မိမိသဘောဖြင့် ပြည်နယ်အတွင်း အမျိုးသားအစောင့်တပ်ဖွဲ့ကို စေလွှတ်ခဲ့ရာ အဆိုပါလုပ်ရပ်မှာ ထိရောက်မှုမရှိသည့်အပြင် အန္တရာယ်များ”သလို “ထရမ့်အစိုးရက ဒေသန္တရတရားဥပဒေစိုးမိုးရေးဌာနအပေါ် မယုံကြည်မှု” ကိုလည်း ဖော်ပြနေကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။

Gavin Newsom က ဇွန် ၈ ရက် ညနေပိုင်းတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသို့ ပေးပို့သော စာရွက်စာတမ်းအား လက်မှတ်ရေးထိုးပြီး Pete Hegseth အား လော့စ်အိန်ဂျယ်လိစ်ဒေသတွင် အမျိုးသားအစောင့်တပ်ဖွဲ့ ဖြန့်ကြက်မိန့်ကို ရုပ်သိမ်းရန်၊ ကယ်လီဖိုးနီးယားပြည်နယ် အမျိုးသား အစောင့်တပ်ဖွဲ့၏ ညွှန်ကြားပိုင်ခွင့်အား ပြည်နယ်စိုးရသို့ ပြန်ပေးရန်၊ “လိုအပ်သည့်အချိန်မှာသာ ဖြန့်ကြက်ရန်” တောင်းဆိုခဲ့သည်။ ယင်းနေ့အစောပိုင်းတွင် Gavin Newsom က လော့စ်အိန်ဂျလိစ်ဒေသတွင် တပ်စွဲရန် အမျိုးသားအစောင့်တပ်ဖွဲ့ကို ထရမ့်စေလွှတ်ခြင်းသည် ဒေသ၏လုံခြုံရေးအတွက် စဉ်းစားခြင်းမဟုတ်ဘဲ “ရှုပ်ထွေးသည့်အခြေအနေများ ပိုမိုဖြစ်ပွားစေလိုခြင်း” ဖြစ်ကြောင်း လူမှုကွန်ရက်မီဒီယာတွင် ဝေဖန်ရေးသားခဲ့သည်။

ဒေသစံတော်ချိန် ဇွန် ၈ ရက် နေ့လယ်ပိုင်းတွင် လော့စ်အိန်ဂျလိစ်မြို့လယ်ခေါင်ရှိ ဖက်ဒရယ် တရားဥပဒေစိုးမိုးရေးဌာနရှေ့တွင် ဆန္ဒပြသူများနှင့် ယင်းဒေသ၌ ဖြန့်ကြက်ထားသည့် အမျိုးသား အစောင့်တပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ အချင်းဖြစ်နေရာတွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် ပစ်ခတ်ကာ ဆန္ဒပြလူစုကိုခွဲရန် ကြိုးပမ်းခဲ့သော်လည်း ဆန္ဒပြသူများ ပို၍များပြားလာခဲ့ရာ ကနဦးတွင် ဒါဇင်နှင့်ချီရှိရာမှ လူ ၁,၀၀၀ ကျော်အထိ များပြားလာခဲ့ကြောင်း ဆင်ဟွာသတင်းထောက်က တွေ့မြင်ခဲ့သည်။ အချင်းဖြစ်နေရာ၌ မေးမြန်းနေသည့် ဆင်ဟွာသတင်းထောက်၏ လက်မောင်းကို မျက်ရည်ယိုဗုံးထိမှန်ခဲ့ပြီး ဦးခေါင်းကို အမည်မသိအရာဝတ္တုထိမှန်ခဲ့သလို ဓာတ်ပုံသတင်းထောက်၏ ဘယ်ဘက်ခြေထောက်ကိုလည်း ရာဘာကျည်ထိမှန်ခဲ့ကာ သွေးထွက်ဒဏ်ရာရရှိခဲ့သည်။ 


REF: (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)