ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်အဖွဲ့ (၁၃)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်အဖွဲ့ (၁၃)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက်


နေပြည်တော်၊ ဇွန် ၂

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ မေ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပသည့် (၁၃)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးသို့ နိုင်ငံပေါင်း ၁၀၅ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၅ ဖွဲ့တို့မှ ပါဝင်တက်ရောက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်က Video Message ဖြင့် အဖွင့်အမှာစကားပြောကြားကာ ရုရှားနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး H.E. Mr. Sergei Shoigu ၊ ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sergey Lavrov တို့က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် အစည်းအဝေးတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးက “ကမ္ဘာ့တောင်ခြမ်း (Global South) နှင့် ကမ္ဘာ့အရှေ့ခြမ်း (Global East) နိုင်ငံများအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” ခေါင်းစဉ်အား ပါဝင်ဆွေးနွေးသည်။ ထို့အပြင် “သတင်းအချက်အလက်လုံခြုံရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု” ကဏ္ဍနှင့် စပ်လျဉ်း၍လည်း ပါဝင်ဆွေးနွေးခဲ့သည်။

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးသည် ပဉ္စမအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ ဆွေးနွေးပွဲသို့ တက်ရောက်ပြီး လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Sergei Shoigu နှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သည်။

အဆိုပါ ဆွေးနွေးပွဲ၌ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အာရှ-ပစိဖိတ်ဒေသ၏ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ သတင်းအချက်အလက်ဖလှယ်နိုင်မှု တိုးတက်ဆောင်ရွက်နိုင်ရေးနှင့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအပေါ် တုံ့ပြန်နိုင်မည့် အလားအလာများအား ဆွေးနွေးကြသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Sergei Shoigu နှင့်တကွ နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ အမျိုးသားအောင်ပွဲပြတိုက်သို့ သွားရောက်၍ အထိမ်းအမှတ်နေရာတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် လွမ်းသူ့ပန်းခွေချခြင်းအခမ်းအနားသို့ တက်ရောက်သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေစဉ် ခရီးစဉ်အတွင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Nikolay Patrushev၊ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Sergei Shoigu ၊ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Valerievich Kara-ool ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ ရုရှားလုံခြုံရေးကောင်စီ ဒုတိယအတွင်းရေးမှူး Alexy L. Shevtsov တို့နှင့် သီးခြားစီတွေ့ဆုံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်တို့ တွေ့ဆုံဆွေးနွေးခဲ့သည့် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ဆက်လက်ဆောင်ရွက်မှု အခြေအနေများ၊ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများအား အပြန်အလှန်ဆွေးနွေးကြသည်။

ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို၏ အဖွဲ့ဝင်၊ နိုင်ငံရေးနှင့်ဥပဒေရေးရာကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည့် H.E. Mr. Chen Wenqing နှင့် တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှိကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးခဲ့သည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ဆက်လက်ဆောင်ရွက်မှုအခြေအနေများ ဆွေးနွေးကြသည်။

ယင်းနောက် ထိုင်းနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Mr. Chatchi Bangchaud နှင့်လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lieutenant General Ke Da တို့နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ ဆွေးနွေးသည်။

ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး H.E. Mr. Alexander Grigoyevich Volfovich နှင့် တွေ့ဆုံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတမစ္စတာ လူကာရှန်ကိုတို့ တွေ့ဆုံဆွေးနွေးခဲ့သည့် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ဆက်လက်ဆောင်ရွက်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ ငလျင်ဘေး ပြန်လည်ထူထောင်ရေး အပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေမှုတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)