နေပြည်တော်၊ ဇွန် ၂၄
အကယ်ဒမီပေးပွဲမှာ အောင်ကိုမိုး ဆိုသူရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ဘာသာရေးဆိုင်ရာ စော်ကားမှုနဲ့ ဒက္ခိဏသီရိမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားပါတယ်။ ဒီကနေ့ (၂၄-၆-၂၀၂၄) ရက်နေ့ ရုံးချိန်းမှာတော့ ယခင်အပတ်က စစ်ဆေးလို့ မပြီးပြတ်တဲ့ သက်သေတစ်ဦးကို ဆက်လက်စစ်ဆေးပြီး နောက်ထပ် လိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ ရုံးချိန်း ထူးခြားချက်အနေနဲ့ ပတ်သက်လို့ တရားလို ကိုအောင်ကျော်ဦး (ခ) မိုင်ကယ်ဇိုး ကို ဆက်သွယ်မေးမြန်းရာမှာ "ယခင်အပတ်က အမှုတွဲမှာ တင်ထားတဲ့ အောင်ကိုမိုးရဲ့ တောင်းပန်စာနဲ့ အောင်ကိုမိုးရဲ့ ရှေ့နေက တင်ပြတဲ့ facebook စကရင်ရှော့ ကွဲလွဲချက်ကို အကို့ရဲ့ ရှေ့နေက ကန့်ကွက်ထားတယ်။ ဒီနေ့ တရားသူကြီးကတော့ အမျိုးသမီးဖြစ်သွားပြီ။ ယခင်တရားသူကြီး မဟုတ်တော့ဘူး။ အဲဒီလို ကွဲလွဲချက်ဖြစ်နေတာကို တရားသူကြီးက လက်ခံလိုက်တယ်။ နည်းနည်းတော့ စိတ်ကသိကအောက် ဖြစ်ရတာမျိုးပေါ့။ တရားရုံးကို အကိုတို့ဘက်ကလည်း (၁၂ ၀၀)နာရီလောက်ကတည်းက ရောက်နေတယ်။ သူတို့ဘက်ကလည်း ရောက်နေတယ်။ သူတို့ဘက်က တရားရုံးကို သတင်းမပို့ဘူး။ နောက်ရုံးချိန်းတွေအတွက် အချိန်ညှိတဲ့အခါကြတော့လည်း တရားသူကြီး အမျိုးသမီးက အကိုမှာ တင်ပြခွင့်မရှိဘူးတဲ့။ တစ်ဖက်ရှေ့နေက တောင်းတဲ့အချိန်အတိုင်းပဲ လက်ခံလိုက်တယ်။ ဒါက အကိုလည်း တရားလိုတစ်ယောက်၊ တရားသူကြီးက တင်ပြခွင့်မရှိဘူး။ ရှေ့နေအချင်းချင်း ညှိနေတယ်လို့ ပြောတာက တရားလိုရဲ့ အခွင့်အရေးကို ပိတ်ပင်တာမျိုး ဖြစ်နေတယ်။ ဘာမှ တင်ပြလို့ မရဘူးဆိုပဲ။ အကိုတို့ကတော့ ပုဂ္ဂိုလ်ရေးအရ လုပ်တာမဟုတ်တဲ့အတွက် သည်းခံပါတယ်။ သည်းခံနိုင်တာထက် ကျော်လွန်လာရင်တော့ ပြည်သူတစ်ယောက်အနေနဲ့ လုပ်သင့်တာကို လုပ်ဆောင်သွားမှာပါ။" ဟု ပြောသည်။
တရားလို ၏ ရှေ့နေ ဦးအောင်ကျော်မျိုး အား ဆက်သွယ်မေးမြန်းရာ "ကျွန်တော်က အခြေအနေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးလိုတာတော့ မရှိပါဘူး။ တရားခွင် အခြေအနေကို ပြောပါဆိုရင်တော့ facebook တောင်းပန်စာမှာ ကွဲလွဲချက်ရှိလို့ ကန့်ကွက်ထားတယ်။ ဒီနေ့ တရားသူကြီးက လက်ခံလိုက်တယ်။ နောက်ထပ် ရတနာပုံခေတ် တံဆိပ်ခေါင်းတစ်ခု သက်သေတင်သွင်းလာတယ်။ အဲဒါကိုလည်း ကျွန်တော်တို့ ကန့်ကွက်တယ်။ တရားသူကြီးက လက်ခံထားတယ်။ ဒါက အခြေအနေကိုပဲ ပြောတာနော်။ တရားစီရင်ရေးနဲ့ ပတ်သက်လို့ ဘာမှ ပြောစရာ မရှိပါဘူး။ ကျွန်တော် ကန့်ကွက်တယ်ဆိုတာလည်း သက်သေခံ ဥပဒေ ပုဒ်မ (၆၂)၊ (၆၄) ဒါတွေကို ထောက်ထားပြီး ဥပဒေကြောင်းအရပဲ ပြောတာပါ။ နောက်ထပ် သက်သေခံဥပဒေမှာ လက်ခံလို့ရတဲ့ သက်သေ၊ လက်ခံလို့မရတဲ့ သက်သေ ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။ တရားစီရင်ရေးနဲ့ ပတ်သက်လို့ ဘာမှ ပြောစရာ မရှိပါဘူး။" ဟု ပြောသည်။
အောင်ကိုမိုးအား တရားစွဲဆိုသည့်အထဲတွင် ပါဝင်သည့် ဆရာတော် ဦးပညာသာမိ က အမှုစတင်စွဲဆိုစဉ်က ရဲစခန်းမှ လာရောက်စစ်ဆေးသဖြင့် ထွက်ဆိုချက် ပေးရာတွင် အောင်ကိုမိုး ဝတ်ဆင်လာသော ပုံစံမှာ ဘုရားကို ခေါင်းဖြတ်ပြီး တုတ်တပ်ကာ မဖွယ်မရာ လုပ်ဆောင်လာခြင်းကြောင့် ဘာသာရေးစော်ကားမှုဖြစ်ကြောင်း ထွက်ဆိုထားပြီး မြန်မာနေရှင်နယ်ပို့စ် ၏ တွေ့ဆုံမေးမြန်းမှုတွင်လည်း အလားတူ ပြောဆိုထားသည်။
နောက်တစ်ပတ် ရုံးချိန်းကို ၈-၇-၂၀၂၅ ရက်နေ့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment