ဒုတိယဝန်ကြီး ဦးမြင့်စိုး မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်းများအတွက် အထွက်တိုးစပါးမျိုးနှင့် သွင်းအားစုများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်းများအတွက် အထွက်တိုးစပါးမျိုးနှင့် သွင်းအားစုများ ပေးအပ်


နေပြည်တော်၊ ဇွန် ၂၁

ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ ဝါးခယ်မမြို့နယ်နှင့် အိမ်မဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်း ၁၄ သင်းနှင့် လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်း ရှစ်သင်းတို့အတွက် ငွေကျပ်သန်းပေါင်း ၁၅၁၈ သန်း တန်ဖိုးရှိ အထွက်တိုး စပါးမျိုးများ၊ သွင်းအားစုများ၊ မျိုးစေ့ချကိရိယာများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က လပွတ္တာမြို့ရွေးနဒီခန်းမ၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ သမဝါယမအသင်းသား တောင်သူများ တက်ရောက်ကြသည်။

ဦးစွာ သမဝါယမဦးစီးဌာနတိုင်းဦးစီးမှူးက မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်း မိုးစပါးစိုက်ပျိုးမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးက အမှာ စကားပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အထွက်တိုး မျိုးစပါးများဖြစ်သော GW-11 ဆာဖိုးသာ၊ နယူးဧရာ၊ အောင်နိုင်တိုးမျိုးများ၊ သွင်းအားစုများ၊ မျိုးစေ့ချကိရိယာ (Drum Seeder)များပေးအပ်ကြရာ မြို့နယ်အလိုက် အသင်းအမှုဆောင်များက လက်ခံရယူကြပြီး အသင်းသားတောင်သူများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။

ဆက်လက်၍ ပန်းတနော်မြို့နယ် ကျုံပတောကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော ပေ ၁၈၀ ကျုံပတောချောင်းကူး တံတား၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်မည့် သိမ်ကုန်း-ချောင်းကလေးလမ်းနှင့် ဝါးခယ်မ မြို့နယ် ကြခတ်ကုန်းကျေးရွာ၌ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာအဝင် သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် မရမ်းချောင်ကျေးရွာ၌ တိုးပွားအောင်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားတောင်သူ ဒေါ်ဌေးဝင်း၏ လယ်မြေငါးဧကတွင် စိုက်ပျိုးရေးဦးစီးဌာနက ထုတ်လုပ်ထားသော အစေ့ချကိရိယာဖြင့် အောင်နိုင်တိုးအထွက်တိုးမျိုးစပါး မျိုးစေ့ချနေမှုကို ကြည့်ရှုအားပေးပြီး သဲကုန်း၊ ကြံခတ်ကုန်း၊ သံကွင်းကျေးရွာအုပ်စုများမှ သမဝါယမအသင်းသား တောင်သူများအတွက် အောင်နိုင်တိုး အထွက်တိုးမျိုးစပါးများ ပေးအပ်ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပုသိမ်မြို့ သမဝါယမစာရင်း ရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၌ ကျောင်းအုပ် ဆရာမကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ အမှာစကားပြောကြားပြီး သုံးထပ်သင်တန်းသား အိပ်ဆောင်သစ် တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)