စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms Ma Jia မစ္စမာကျားနှင့် အဖွဲ့အားတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms Ma Jia မစ္စမာကျားနှင့် အဖွဲ့အားတွေ့ဆုံ






မုံရွာ၊ ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms Ma Jia မစ္စ မာကျားနှင့် အဖွဲ့အား ၃၀-၅-၂၀၂၅ ရက်နေ့က စစ်ကိုင်းမြို့၊ အသင်္ခယာရိပ်သာ ဧည့်ခန်းမ၌ တွေ့ဆုံ၍ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ စာသင်ကျောင်းများ၊ လူနေအိမ်တိုက်တာများနှင့် ဈေးများ ပြန်တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေးတွင် ဈေးရုံသစ်ဆောက်လုပ်မည့်မြေနေရာသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ဈေးရုံသစ် ဆောက်လုပ်မည့် မြေနေရာလျာထားမှုအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သံအမတ်ကြီးတို့က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ် ၇၀၀ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယူရီးယားဓာတ်မြေဩဇာ၊ ဝါမျိုးစေ့နှင့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာမှ ဒေသခံတောင်သူ ၃၀၀ ဦးအား ယူရီယားဓာတ်မြေဩဇာ ၃၀၀ အိတ်၊ ဝါမျိုးစေ့ ၂၅၀ အိတ်နှင့် စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ် ၃ မြို့နယ်အား လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder) ၁၀၀ လက် ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား အအေးနှင့်မုန့်များ ဝေငှပေးခဲ့ကြပြီး စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)