မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် မှန်ကန်လွယ်ကူစေရန်နှင့် မဲမသမာမှုများမဖြစ်ပွားစေရန် လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးစက်များအသုံးပြုမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း UEC ဥက္ကဋ္ဌ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် မှန်ကန်လွယ်ကူစေရန်နှင့် မဲမသမာမှုများမဖြစ်ပွားစေရန် လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးစက်များအသုံးပြုမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း UEC ဥက္ကဋ္ဌ ပြောကြား


နေပြည်တော်၊ ဇွန် ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျွမ်းကျင်သူပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် မှန်ကန်လွယ်ကူစေရန်နှင့် မဲမသမာမှုများမဖြစ်ပွားစေရန် လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးစက်များအသုံးပြုမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်လျက်ရှိပြီး ရရှိလာသည့် မဲပေးစက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ပျက်စီးမှုမရှိစေရေး စနစ်တကျသိမ်းဆည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမည်ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်တစ်ခုနှင့်တစ်ခုအကြား သတ်မှတ်ကာလအတွင်း မဲပေးစက်များ လုံခြုံစွာစနစ်တကျရွှေ့ပြောင်းပေးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နည်းလမ်းများ ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌက ရွေးကောက်ပွဲတွင် မဲပေးစက်များ ကိုင်တွယ်အသုံးပြုမည့် မဲရုံဝန်ထမ်းများ ဆင့်ပွားသင်တန်းပေးမည့် အစီအစဉ်များနှင့် MEVM စက်များ မြို့နယ်များသို့ ရွှေ့ပြောင်းရာတွင် ကြိုတင်စီမံထားရန် လိုအပ်သည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် ကျွမ်းကျင်သူပညာရှင်များက မဲပေးစက်ကိုင်တွယ် အသုံးပြုနည်းသင်တန်းများပို့ချရေး၊ မဲပေးစက်များကို ရွေးကောက်ပွဲအပိုင်းအလိုက် ရွှေ့ပြောင်းရေးဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် MEVM ဆိုင်ရာတာဝန်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က MEVM စက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)