တိုက်ကြီးမြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစု ရိတ်သိမ်းခြွေလှေ့စက်ပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစု ရိတ်သိမ်းခြွေလှေ့စက်ပေးအပ်ပွဲ ကျင်းပ





အင်းစိန်၊ ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် တိုက်ကြီးမြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုရိတ်သိမ်းခြွေလှေ့စက်ပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ (Seeder)၊ ဆိုလာ(၂)ချပ်တွဲ (၆)လက်မ ရေတင်ပန့်နှင့် ဆိုလာ(၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သမဝါယမစနစ်သည် အသင့်လျော်ဆုံးဖြစ်သည်ကိုတွေ့ရပါကြောင်း၊ သမဝါယမစနစ်ဆိုသည်မှာ စိတ်ဆန္ဒ၊ ရည်ရွယ်ချက်တူညီသူများ စုပေါင်းဖွဲ့စည်းထားသည့် အသင်းအဖွဲ့စနစ်တစ်ခုဖြစ်သည်ကိုတွေ့ရပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းအတိုင်း မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေအရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေးဖူလုံစွာရရှိရေး စိုက်နည်းစနစ်မှန်ကန်ရေးတို့ကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သမဝါယမစနစ်ဆိုသည်မှာ တစ်ဦးချင်း၏ လူမှုရေး၊ စီးပွားရေးလိုအပ်ချက်များကို အများဆန္ဒနှင့်အညီအတူတကွ ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် စည်းလုံးညီညွတ်စွာ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးကို အားလုံးက တက်ညီလက်ညီဆောင်ရွက်သွားကြရန်နှင့် တောင်သူများ၏ လိုအပ်သည့် အထွက်တိုးစပါးမျိုးနှင့် သွင်းအားစုများကို အချိန်မီပေးအပ်ထားပြီးဖြစ်သည့်အတွက် ယခုမိုးစပါးရာသီတွင် ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ကြိုးစားသွားကြရန်ဖြစ်ကြောင်း စသည်တို့ကို ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တိုက်ကြီးမြို့နယ်ရှိ တောင်သူများအား သွင်းအားစုရိတ်သိမ်းခြွေလှေ့စက်၊ ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာ(Seeder)၊ ဆိုလာ(၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက်၊ ဆိုလာ(၂)ချပ်တွဲ (၆)လက်မ ရေတင်ပန့်များကိုပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ပြသထားသည့် စိုက်ပျိုးရေးသုံးသွင်းအားစုများ၊ စိုက်ပျိုးရေးသုံးစက်ပစ္စည်းများနှင့် ဆိုလာများစသည်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ဇွဲထက်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)