ဗိုလ်ချုပ်(ငြိမ်း) ဦးစိုးမောင် ၏ တရားစွဲဆိုခြင်း ခံထားရသည့် တောင်သူများက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အသနားခံစာ တင်ပြထားသည့်အပေါ် အကြောင်းပြန်ထားကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်ချုပ်(ငြိမ်း) ဦးစိုးမောင် ၏ တရားစွဲဆိုခြင်း ခံထားရသည့် တောင်သူများက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အသနားခံစာ တင်ပြထားသည့်အပေါ် အကြောင်းပြန်ထားကြောင်း သိရ


ရန်ကုန်၊ ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ကလီထော်အနောက်အုပ်စု၊ မယ်ဇလီကုန်းကျေးရွာမှ ဦးသိန်းဦးပါ(၃)ဦးတို့ပိုင်ဆိုင်သော ကွင်းအမှတ်(၉၆၃)ကျောက္ကဒင်ကွင်းရှိ မြေ(၄၆) ဧကရှိ မြေယာများကို ဗိုလ်ချုပ်(ငြိမ်း) ဦးစိုးမောင်မှ သူပိုင်ဆိုင်သည်ဟုဆိုကာ ပိုင်ဆိုင်မှုအထောက်အ ထားများမရှိဘဲ ကျွန်တော် အမှုဖွင့် တရားစွဲဆို ခံထားရသည့်အပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံ အသနားခံ တင်ပြတိုင်ကြားရာ ပိုင်ဆိုင်မှု စာရွက်စာတမ်းအထောက်အထားများနှင့်အတူ တရားရုံးတွင်သာ ဖြေရှင်းဆောင်ရွက်သွားရန် ဇွန်လ (၂၄) က အကြောင်ပြန်ထားကြောင်း သိရသည်။

ဗိုလ်ချုပ် (ငြိမ်း) ဦးစိုးမောင်၏ တရားစွဲဆိုခြင်းခံထားရသည့် တောင်သူများအနေဖြင့် ၎င်းတို့၏ နစ်နာမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ထံသို့ လည်းကောင်း၊ ရန်ကုန်တိုင်ဒသေကြီးအစိုးရအဖွဲ့ထံသို့ လည်းကောင်း အသနားခံ တင်ပြတိုင်ကြားခဲ့သည်။

တောင်သူများ၏ အနသားခံ တင်ပြစာတွင် "မူလတောင်သူများ၏ နစ်နာမှုအပေါ် မှန်ကန်စွာ စိစစ်ဆုံးဖြတ်ပေးနိုင်ပါရန် အသနားခံတင်ပြခြင်း" အကြောင်းအရာဖြင့် တင်ပြထားရာတွင် -

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ကျွန်တော် ဦးသိန်းဦးပါ (၃)ဦးတို့အား မြေယာ ကျူးကျော်သည်ဟုဆိုကာ ဗိုလ်ချုပ် (ငြိမ်း) ဦးစိုးမောင်၏ မတရားစွတ်စွဲချက်ဖြင့် တရားစွဲဆိုမှုအပေါ် ရိုသေလေးစားစွာ အသနားခံတင်ပြအပ်ပါသည်။

၂။ ကျွန်တော် ဦးသိန်းဦးပါ(၃) ဦးတို့သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ကလီထော်အနောက်အုပ်စု၊ မယ်ဇလီကုန်းကျေးရွာတွင် ငယ်မွေးခြံပေါက်နေထိုင်သူများဖြစ်ပါသည်။ ကျွန်တော် ဦးသိန်းဦးပါ(၃)ဦးတို့ပိုင်ဆိုင်သော ကွင်းအမှတ်(၉၆၃)ကျောက္ကဒင်ကွင်းရှိ မြေ(၄၆) ဧကရှိ မြေယာများကို ဗိုလ်ချုပ်(ငြိမ်း) ဦးစိုးမောင်မှ သူပိုင်ဆိုင်သည်ဟုဆိုကာ ပိုင်ဆိုင်မှုအထောက်အ ထားများမရှိဘဲ ကျွန်တော် ဦးသိန်းဦးပါ(၃)ဦးတို့မှာ ဗိုလ်ချုပ်(ငြိမ်း) ဦးစိုးမောင်၏ အမှုဖွင့် တရားစွဲဆို ထားခြင်းကိုခံထားရပါသည်။

၃။ ဗိုလ်ချုပ်(ငြိမ်း) ဦးစိုးမောင်မှ သူပိုင်သည့်မြေယာထဲတွင် ကျူးကျော်ဝင်ရောက်နေထိုင်သည်ဟု မမှန်မကန်ပြောဆိုလိမ်လည် အမှုဖွင့်ခံထားရသော ကွင်းအမှတ် (၉၆၃) ကျောက္ကဒင်ကွင်းရှိ မြေ(၄၆) ဧကမှာ ကျွန်တော်တို့သည် (၁၉၈၁) ခုနှစ်လောက်ကတည်းက တောကြီးအား ခုတ်ထွင်ရှင်းလင်းပြီး ဓမ္မဦးချ သားစဉ်မြေဆက်လက်ဆင့်ကမ်းစိုက်ပျိုးလုပ်ကိုင်စားသောက်နေထိုင်လာခဲ့သည်မှာ (၂၀၂၄) ခုနှစ်အထိ ဖြစ်ပါသည်။

၄။ ကျွန်တော်တို့သည် ကွင်းအမှတ်(၉၆၃) ကျောက္ကဒင်ကွင်းရှိမြေ(၄၆)ဧကကို ကျွန်တော်ဦးသိန်းဦး ပါ(၃)ဦး နာမည်ပေါက်ဖြင့် မြေစာရင်းဦးစီးဌာနမှ (၂၅-၁၀-၂၀၂၁) ပါရက်စွဲဖြင့် ပုံစံ(၁၀၅)မြေပုံချော၊ မြေပုံကြမ်းများ ထုတ်ပေးထားပါသည်။ ဗိုလ်ချုပ်(ငြိမ်း) ဦးစိုးမောင် တိုင်ကြားထားသည့်အမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကျွန်တော်တို့ကို ခေါ်ယူစစ်ဆေးရာတွင် ဗိုလ်ချုပ်(ငြိမ်း) ဦးစိုးမောင်ပိုင်မြေမဟုတ်ပါ။ ကျွန်တော်တို့မြေဖြစ်ပါသည်။ ဒါကြောင့် နှစ်ပေါင်းများစွာစိုက်ပျိုးလုပ်ကိုင် စားသောက်နေထိုင်ခဲ့သည်မှာ ပိုင်ဆိုင်မှုအထောက်အထား သက်သေနှင့်တကွ ပြောဆိုတင်ပြ သော်လည်း သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများမှာ ကွင်းအမှတ် (၉၆၃) ကျောက္ကဒင်ကွင်း မြေ(၄၆) ဧကရှိ ပိုင်ဆိုင်မှုအထောက်အထား ဘာမှပြသနိုင်ခြင်းမရှိသော ဗိုလ်ချုပ်(ငြိမ်း) ဦးစိုးမောင်၏ အမှုဖွင့် တိုင်ကြားမှုကို လက်ခံခဲ့သဖြင့် ကျွန်တော် ဦးသိန်းဦးပါ (၃) ဦးတို့မှာ ဗိုလ်ချုပ် (ငြိမ်း) ဦးစိုးမောင်၏ တရားစွဲဆိုမှုအား ခံနေရပါသည်။

၅။ သို့ဖြစ်ပါ၍ ဗိုလ်ချုပ်(ငြိမ်း) ဦးစိုးမောင်မှ ကျွန်တော်တို့အား မြေယာကျူးကျော်ခြင်း၊ သူပိုင်ဆိုင် သည်ဟု မဟုတ်မမှန်တိုင်ကြားပြီး ကျွန်တော်တို့(၃) ဦးအား အမှုဖွင့်တရားစွဲဆိုထားခြင်းအပေါ် အမှု မှန်ပေါ်ပေါက်အောင် စစ်ဆေးစိစစ်ဆောင်ရွက်ပေးပါရန် လေးစားစွာ အသနားခံတင်ပြအပ်ပါသည်။

ဟု တင်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ အသနားခံစားနှင့် ပတ်သက်၍ လှည်းကူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်စွဲ ဖြင့် ဦးသိန်းဦးပါ(၃)ဦး တို့အား အကြောင်းကြားရာတွင် ရည်ညွှန်းချက် ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၁၈.၆.၂၀၂၅ ရက်စွဲပါစာအမှတ်၊ ၄/၉ - ၂ (၃၇)/ စီးပွား(စိုက်မွေး) (၇၁၄၅)

၁။ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကလီထော်အနောက်ကျေးရွာအုပ်စု၊ မယ်ဇလီကုန်းကျေးရွာ၊ ကွင်းအမှတ်(၉၆၃)၊ ကျောက္ကဒင်ကွင်းရှိ ဧရိယာ (၄၆)ဧကရှိ မိမိအပါအဝင် (၃)ဦး ပိုင်ဆိုင်သော မြေယာများကို ဗိုလ်ချုပ်(ငြိမ်း)ဦးစိုးမောင်မှ ၎င်းပိုင်ဆိုင်သည့် မြေယာထဲတွင် ကျူးကျော်ဝင်ရောက် နေထိုင်သည်ဟု မမှန်မကန်လိမ်လည်ပြီး အမှုဖွင့်တရားစွဲဆိုခဲ့ကြောင်း၊ အဆိုပါမြေ (၄၆)ဧကမှာ (၁၉၈၁) ခုနှစ်လောက်ကတည်းက တောကြီးအား ခုတ်ထွင်ရှင်းလင်းပြီး ဓမ္မဦးချ သားစဉ်မြေးဆက် လက်ဆင့်ကမ်း စိုက်ပျိုးလုပ်ကိုင်စားသောက်နေထိုင်လာခဲ့သည်မှာ (၂၀၂၄) ခုနှစ်အထိဖြစ်ပြီး မိမိပါ (၃)ဦး အမည်ပေါက်ဖြင့် မြေစာရင်းဦးစီးဌာနမှ ၁၅.၁၀.၂ဝ၂၁ ရက်စွဲပါစာဖြင့် ပုံစံ (၁၀၅)၊ မြေပုံချော၊ မြေပုံကြမ်းများ ထုတ်ပေးထားပါသဖြင့် ဗိုလ်ချုပ်(ငြိမ်း)ဦးစိုးမောင် ပိုင်ဆိုင်သည်ဟု မဟုတ်မမှန် တိုင်ကြားကာ မိမိတို့(၃)ဦးအား အမှုဖွင့်တရားစွဲဆိုထားခြင်းအပေါ် အမှုမှန်ပေါ်ပေါက်အောင် စစ်ဆေး စိစစ်ဆောင်ရွက်ပေးပါရန် ဦးသိန်းဦးပါ(၃)ဦးတို့မှ အသနားခံတင်ပြလာမှုအပေါ် ပိုင်ဆိုင်မှုစာရွက်စာတမ်း အထောက်အထားများနှင့်အတူ တရားရုံးတွင်သာ ဖြေရှင်းဆောင်ရွက်နိုင်ရေး အသိပေးသွားရန် ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါသည်။

၂။ သို့ဖြစ်ပါ၍ အမှုဖွင့်တရားစွဲဆိုထားခြင်းအပေါ် အသနားခံတင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ပိုင်ဆိုင်မှု စာရွက်စာတမ်းအထောက်အထားများနှင့်အတူ တရားရုံးတွင်သာ ဖြေရှင်းဆောင်ရွက်သွားရန် အကြောင်း ကြားပါသည်။

ဟု ပြန်ကြားထားခြင်း ဖြစ်သည်။

ဗိုလ်ချုပ် (ငြိမ်း) ဦးစိုးမောင် ၏ တရားစွဲဆိုခြင်းခံထားရသော ဦးသိန်းဦး ပါ တောင်သူများအား NDF ပါတီမှ ရှေ့နေက အကျိုးဆောင်အဖြစ် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)