မော်စကို၊ ဇူလိုင် ၁
ဥရောပသမဂ္ဂက ရုရှားနိုင်ငံ အဖွဲ့အစည်း ၈ ခု၏ ပုံနှိပ်ထုတ်ဝေမှု ထုတ်ကုန်များနှင့် သတင်းအချက်အလက် ဖြန့်ချိရေး လမ်းကြောင်းကို ကန့်သတ်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ရုရှားဘက်က ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ မီဒီယာ ၁၅ ခုအပေါ် အကန့်အသတ် အစီအမံများ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၃၀ ရက်တွင် ၎င်း၏တရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂကောင်စီသည် ယခုနှစ် ဖေဖော်ဝါရီတွင် ရုရှားအားရည်ရွယ်သည့် ၁၆ ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုများကို ခွင့်ပြုခဲ့ရာ ၎င်းအနက် ရုရှားနိုင်ငံမှ “EurAsia Info” ၊ Lenta.ru ၊ ရုရှား မဟာဗျူဟာ ယဉ်ကျေးမှု ဖောင်ဒေးရှင်း၊ “ကြယ်နီ” တည်းဖြတ်ထုတ်ဝေရေးစင်တာ စသည့် အဖွဲ့အစည်း ၈ ခု၏ ထုတ်ဝေမှု ထုတ်ကုန်များနှင့် သတင်းအချက်အလက် ဖြန့်ချိရေး လမ်းကြောင်းကို ကန့်သတ်မှုများ ပါဝင်ကြောင်း၊ ထို့အပေါ် တုံ့ပြန်မှုအနေဖြင့် ရုရှားဘက်က “သတင်းတု သတင်းမှားများ ဖြန့်ချိမှု” တွင် ပါဝင်ခဲ့သည့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ မီဒီယာ ၁၅ ခုအပေါ် တန်းတူညီမျှသည့် အစီအမံများ လုပ်ဆောင်သွားရန် ဆုံးဖြတ်လိုက်ပြီး ရုရှားဖက်ဒရယ်ပြည်တွင်းမှ အဆိုပါမီဒီယာများ၏ အင်တာနက်အရင်းအမြစ်များအား ကြည့်ရှုမှုကို ကန့်သတ်လိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ မည်သည့်မီဒီယာများအား ဦးတည်၍ ကန့်သတ်ချက်အစီအမံများ လုပ်ဆောင်ထားသည်ကိုမူ ကြေညာချက်၌ အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။
ဥရောပသမဂ္ဂ၏ ရုရှားမီဒီယာများအား တားမြစ်မှုနှင့် အကြောင်းမဲ့ကန့်သတ်မှုများ၊ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အခြားသော ဖိနှိပ်မှုလုပ်ရပ်များအပေါ် ရုရှားဘက်က ဥပက္ခာပြုမည်မဟုတ်ကြောင်း၊ ရုရှားဘက်က ဥရောပသမဂ္ဂနှင့် ၎င်း၏သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများအား အကြိမ်များစွာ သတိပေးခဲ့ပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့အခြေအနေ ဖြစ်ပွားလာစေသည့် တာဝန်ကို ဥရောပသမဂ္ဂနှင့် အထက်ပါ ရုရှားနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်အား ထောက်ခံအားပေးသည့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက တာဝန်ခံရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ပြပြောကြားခဲ့သည်။
ဥရောပသမဂ္ဂက ရုရှားထုတ်ဝေမှုထုတ်ကုန်များနှင့် သတင်းအချက်အလက် ဖြန့်ချိမှုလမ်းကြောင်းအပေါ် ကန့်သတ်ချက်များကို ဖယ်ရှားပေးပါက ရုရှားဘက်ကလည်း ၎င်း၏ ဥရောပသမဂ္ဂ၏ မီဒီယာများအပေါ် လုပ်ဆောင်သည့် ဆုံးဖြတ်ချက်အား ပြန်လည်စဉ်းစားပေးသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တစ်ချိန်တည်းတွင် ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ ကောင်စီသည် ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်း အကျပ်အတည်း အရှိန်မြင့်တက်မှု ၃ နှစ်ပြည့် အခါသမယ၌ ရုရှားအား ဦးတည်သည့် စွမ်းအင်၊ ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အခြေခံအဆောက်အဦနှင့် ဘဏ္ဍာရေး စသည့် ကဏ္ဍများစွာပါဝင်သော ၁၆ ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုအား ခွင့်ပြုခဲ့ကြောင်း သိရသည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost
No comments:
Post a Comment